ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိုင်းအစိုးရ ဆိုင်းငံ့

ကမ္ဘောဒီးယားနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ ထိုင်းစစ်သားတွေ ဒဏ်ရာရပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

၁၁၊ နိုဝင်ဘာ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်မှုနဲ့  ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီး သီတင်းပတ်နှစ်ပတ်အကြာမှာပဲ ငြိမ်းချမ်းရေး သဘောတူညီချက် အကောင်အထည်ဖော်တာကို ရပ်ဆိုင်းမယ်လို့ ထိုင်းဘက်က ကြေညာလိုက်ပါတယ်။

ကမ္ဘောဒီးယားနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ ထိုင်းစစ်သားတွေ ဒဏ်ရာရပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

ကမ္ဘောဒီးယားနိုင်ငံကတော့ ဒီသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားထားပါတယ်။

ဒီသဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ရပြီးနောက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲကို ပြီးခဲ့တဲ့လက မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး သမ္မတ ထရမ့်လည်း တက်ရောက်ခဲ့ပါတယ်။

တင်္နလာနေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်က  နိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ဆုံးဖြတ်ချက်ကို သဘောတူကြောင်းနဲ့

“လုံခြုံရေးခြိမ်းခြောက်မှုက တကယ်တမ်း လျော့နည်းသွားတာ မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။

ဘန်ကောက်ပို့စ်သတင်းစာရဲ့ ဖော်ပြချက်အရ စစ်သားတွေဟာ ကင်းလှည့်နေချိန်  ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကတော့ ခြေထောက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

Ref – BBC