ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအနိုင်ရပါက နယူးယောက်စီးတီးအတွက် ရန်ပုံငွေတွေ ဖြတ်တောက်ပစ်မယ်လို့ ထရမ့် ခြိမ်းခြောက်

မန်ဒါနီသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လိုအပ်တဲ့ အနည်းဆုံးပမာဏမှလွဲပြီး ဖက်ဒရယ်ရန်ပုံငွေတွေကို ပေးတော့မှာ မဟုတ်ဘူးလို့ ထရမ့်က Truth Social မှာ ရေးသားဖော်ပြခဲ့တာပါ။

၄၊ နိုဝင်ဘာလ။

အမေရိကန်ရဲ့ ရီပတ်ဘလစ်ကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဇိုရန် မန်ဒါနီသာ ဒီကနေ့ နိုဝင်ဘာ ၄ရက်နေ့မှာ ကျင်းပမယ့် မြို့တော်ဝန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် နယူးယောက်စီးတီးအတွက် ဖက်ဒရယ်ရန်ပုံငွေတွေကို ကန့်သတ်ဖြတ်တောက်တာတွေ လုပ်မှာဖြစ်တယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ရဲ့ မနေ့က (နိုဝင်ဘာ ၃ ရက်) ပြောကြားချက်မှာ ထောက်ခံသူတွေအနေနဲ့လည်း အရင်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမို ကိုသာ မဲပေးဖို့ တိုက်တွန်းထားပါတယ်။

မန်ဒါနီသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လိုအပ်တဲ့ အနည်းဆုံးပမာဏမှလွဲပြီး ဖက်ဒရယ်ရန်ပုံငွေတွေကို ပေးတော့မှာ မဟုတ်ဘူးလို့ ထရမ့်က Truth Social မှာ ရေးသားဖော်ပြခဲ့တာပါ။

စစ်တမ်းတွေအရ မန်ဒါနီဟာ ဒီမိုကရက်တစ်ပါတီတွင်း ကိုယ်စားလှယ်လောင်းရွေးကောက်ပွဲမှာ ကူအိုမိုကို အနိုင်ရဖူးပြီး လက်ရှိမှာလည်း တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကူအိုမိုနဲ့ ရီပတ်ဘလစ်ကန်ပါတီက ကိုယ်စားလှယ်လောင်း ကာတစ်စ် ဆလီဝါတို့ထက် ဦးဆောင်နေပါတယ်။

“အန်ဒရူး ကူအိုမိုကို ကိုယ်တိုင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ တကယ်တမ်း ရွေးချယ်စရာမရှိဘူး။ သူ့ကို မဲပေးရမယ်၊ ပြီးတော့ သူ ကောင်းမွန်တဲ့ အလုပ်တွေ လုပ်လိမ့်မယ်လို့ မျှော်လင့်ရမယ်”လို့ ထရမ့်က ရေးသားထားပါတယ်။

ရီပတ်ဘလစ်ကန်တွေဟာ မန်ဒါနီရဲ့ စည်းရုံးလှုံ့ဆော်မှုတစ်လျှောက်လုံး ဝေဖန်တိုက်ခိုက်ခဲ့ကြပြီး မိမိကိုယ်ကိုယ် ဒီမိုကရက်တစ် ဆိုရှယ်လစ်လို့ ကြွေးကြော်ထားတဲ့ မန်ဒါနီကို ကွန်မြူနစ်တစ်ဦးအဖြစ် ထရမ့်က ရှုမြင်ထားပါတယ်။

ယူဂန်ဒါမှာမွေးဖွားတဲ့ ပြည်နယ်လွှတ်တော်အမတ် မန်ဒါနီဟာ ဇွန်လ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ တစ်ခုမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံရေးလေ့လာသူတွေအားလုံးလည်း အံ့အားသင့်ခဲ့ကြပါတယ်။

မန်ဒါနီရဲ့ မူဝါဒတွေထဲမှာ နယူးယောက်စီးတီးမှာရှိတဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေအပေါ် အခွန်တိုးမြှင့်တာတွေ၊ ကော်ပိုရေးရှင်းအခွန်နှုန်းထား တိုးမြှင့်တာတွေ၊ တိုက်ခန်းငှားရမ်းခတွေကို ထိန်းချုပ်တာတွေနဲ့ အစိုးရထောက်ပံ့တဲ့ အိမ်ရာတွေကို တိုးမြှင့်တာတွေ ပါဝင်နေပါတယ်။

ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးရဲ့ သိမ်းပိုက်မှုအပေါ် မန်ဒါနီရဲ့ ဝေဖန်ချက်တွေနဲ့ သူ့ရဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဝါဒ ရပ်တည်ချက်ကြောင့် နယူးယောက်ရဲ့ ကြွယ်ဝတဲ့ အသိုင်းအဝိုင်းနဲ့ ရီပတ်ဘလစ်ကန်အသိုင်းအဝိုင်းရဲ့ တိုက်ခိုက်မှုတွေအပေါ်လည်း စိုးရိမ်နေရပါတယ်။

ထရမ့်ဟာ ရာသီဥတုအစီအစဉ်တွေ၊ လိင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ၊ ဂါဇာရှိ အစ္စရေးရဲ့ စစ်ပွဲကို ဆန့်ကျင်တဲ့ ပါလက်စတိုင်းလိုလားသူတွေရဲ့ ဆန္ဒပြမှုတွေ ၊ တန်းတူညီမျှမှုနဲ့ ပေါင်းစည်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအပေါ် သူ့ရဲ့ ဒုတိယသက်တမ်း တစ်လျှောက်လုံး ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ပြောဆိုခဲ့ပါတယ်။

Ref – Reuters