ဒါဟာ အင်ဒိုနီးရှားအနေနဲ့ အနောက်အင်အားစုတွေဆီက မဟုတ်တဲ့ ပထမဆုံး လေယာဉ်ဝယ်ယူမှု ဖြစ်ပါတယ်။
၁၆ ၊ အောက်တိုဘာလ
အင်ဒိုနီးရှားဟာ တရုတ်နိုင်ငံထုတ် Chengdu J-10C အမျိုးအစား တိုက်လေယာဉ် အနည်းဆုံး ၄၂ စင်းကို ဝယ်ယူမယ်လို့ ထိပ်တန်းအရာရှိတဦးက အောက်တိုဘာလ ၁၅ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ အင်ဒိုနီးရှားအနေနဲ့ အနောက်အင်အားစုတွေဆီက မဟုတ်တဲ့ ပထမဆုံး လေယာဉ်ဝယ်ယူမှု ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဆာဖရီ ဆမ်ဆိုဒင်မ်က စစ်တပ်ကို ခေတ်မီအောင် လုပ်ဆောင်ဖို့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားဟာ တရုတ်ဆီကနေ တိုက်လေယာဉ်တွေ မကြာမီ ဝယ်ယူတော့မယ်လို့ မြို့တော်ဂျကာတာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ ဒေသတွင်း ထိလွယ်ရှလွယ်ကိစ္စတွေနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးဆက်တွေ ကို ဖြစ်ပေါ်စေနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
“သူတို့က မကြာခင် ဂျာကာတာပေါ်မှာ ပျံသန်းတော့မှာပါ” လို့ ဝန်ကြီးက မှတ်ချက်ပြုခဲ့ပြီး ဝယ်ယူတဲ့အသေးစိတ်အချက်အလက်တွေ မေးတာကိုတော့ မဖြေခဲ့ပါဘူး။
တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့လကတည်းက ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Frega Wenas က ပထမဆုံး ထုတ်ပြောခဲ့တာပါ။
အင်ဒိုနီးရှား လေတပ်ဟာ သူတို့ရဲ့ လေကြောင်းကာကွယ်ရေးစွမ်းရည်အတွက် ထိရောက်မှု ရှိ မရှိ သေချာအောင် အဆိုပါ တရုတ်လုပ် တိုက်လေယာဉ်တွေကို လေ့လာအကဲခတ်နေဆဲ ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ပွါဘာယာ ယူဒ်ဟီ ဆာဒီဝါ ကလည်း မိမိတို့ ဝန်ကြီးဌာနအနေနဲ့ တရုတ်ဆီကနေ လေယာဉ်တွေ ဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ရှိတဲ့ ဘတ်ဂျက်ကို အတည်ပြုပေးခဲ့တယ်လို့ မနေ့က ပြောပါတယ်။
လက်ရှိ အင်ဒိုနီးရှား လေတပ်မှာ အမေရိကန်၊ ရုရှားနဲ့ ဗြိတိန် စတဲ့နိုင်ငံတွေက ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေ ရှိပြီး တချို့ကို အဆင့်မြှင့်တင်ဖို့ ဒါမှမဟုတ် အစားထိုးဖို့ လိုအပ်နေပါတယ်။
Ref – AP