မိုးနှောင်းကာလ မိုးကြိုးအန္တရာယ် သတိပြုဖို့လို

ဧရာဝတီတိုင်းမှာ မိုးကြိုးပစ်ခံရလို့ တရက်တည်းမှာ လူနှစ်ဦးသေဆုံး ခဲ့ပြီးနောက်မှာ မိုးဇလပညာရှင်တွေက အခုလို သတိပေးခဲ့တာပါ။မုတ်သုန်လေ ဆုတ်ခွာနေတဲ့ အခုလို မိုးနှောင်းကာလမှာ မိုးကြိုးပစ်တာ ၊ စိုက်ဆင်းလေပြင်းတိုက်ခိုက်တာ နဲ့ နေရာကွက်ကြား မမိုးထစ်ချုန်း သည်းထန်စွာ ရွာသွန်းတာတွေကို ဂရုစိုက်ဖို့လိုတယ်လို့ မိုးဇလ ပညာရှင်တွေက ပြောပါတယ်။

၁၅၊ အောက်တိုဘာလ။

လေဖိအားပြောင်းလဲမှုတွေ၊ တိမ်တိုက်တွေအတွင်းက အပူချိန်၊ စိုထိုင်းဆ၊ သိပ်သည်းဆ မတူညီမှုတွေ၊ ဆုတ်ခွာသွားတဲ့ အနောက်တောင်လေနဲ့ ဝင်ရောက်လာမယ့် အရှေ့မြောက်လေတွေ ထိတွေ့ချိန်တွေမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်တတ်တဲ့ သဘောသဘာဝရှိတယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က DNA ကိုပြောပါတယ်။

“ဒီကနေ့ (အောက်တိုဘာ ၁၅ ရက်) နေ့လည်ဘက်မှာ ပုသိမ်တောင်ဘက် ငပုတောမြို့အနီးမှာ ပစ်နေပါတယ်။ မနက်၊ နေ့လည်၊ ည ဘယ်အချိန်ဖြစ်ဖြစ် တိမ်ထုတွေဝင်လာတဲ့အခါ သူတို့မှာဖြစ်ပေါ်တဲ့ တည်ငြိမ်လျှပ်စစ် ပမာဏ ပေါ်မူတည်ပြီး ပစ်မှာပါဘဲ ” လို့ ရှင်းပြပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဝါးခယ်မြို့နယ် ၊ကြက်တညင်ကျေးရွာမှာ မြစ်အတွင်း ငါးဖမ်းနေတဲ့ အသက် ၄၀ အရွယ် အမျိုးသားတဦးဟာ မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် တရက်တည်းမှာပဲ ကျုံပျော်မြို့နယ် သောင်ကြီးကျေးရွာမှာ မွန်းလွဲ ၁ နာရီခန့်က အသက် ၃၀ အရွယ် အမျိုးသားတဦး မိုးကြိုးထိမှန် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိုးကြိုးပစ်ခြင်းနဲ့ ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ Weather Bug ဝဘ်ဆိုက်မှာတော့ ဒီကနေ့ ၁၁ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ဝါးခယ်မမြို့ရဲ့ ၁၄ မိုင် အကွာအဝေး ပတ်ချာလည်အတွင်းမှာ မိုးကြိုး ၁၀ ကြိမ် ပစ်ချမှု ဖြစ်ပွားခဲ့ပါတယ်။

“မိုးကြိုးပစ်တာကို ခန့်မှန်းလို့ ရလားဆိုရင်တော့ မရဘူးလို့ ပြောရမှာပါပဲ။ ဒါကို ခန့်မှန်းနိုင်ဖို့က ကျွမ်းကျင်သူ ဖြစ်နေဖို့ လိုပါတယ်။ပြည်သူတွေ အနေနဲ့ကတော့ လျှပ်စီးတွေ အရမ်းလက်နေပြီ မိုးတွေချိန်းနေပြီ မိုးတိမ်တောင်တွေလည်း ဖြစ်နေပြီဆို သတိထားလိုက်တာ အကောင်းဆုံးပါပဲ ” လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက မှတ်ချက်ပေးပါတယ်။

ဦးဝင်းနိုင်ကတော့ မိုးကြိုးပစ်တာကို ကာကွယ်နိုင်ဖို့ အတွက် မိုးတိမ်တောင်ကြီးတွေ ဖြစ်လာပြီး လျှပ်စီးတွေ လက်နေပြီဆိုရင် ကွင်းပြင်ထဲ၊ လယ်ကွင်းထဲ၊ သစ်ပင်အောက် စတဲ့နေရာတွေမှာ နေထိုင်တာမျိုး မလုပ်ဖို့နဲ့ တကယ်လို့ ကျွဲ၊နွားတွေနဲ့ လယ်ကွင်းပြင်ထဲ ရှိနေတယ်ဆိုရင် အမြန်ဆုံး ထွက်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ အကြံပြု တိုက်တွန်းထားပါတယ်။

မိုးဇလ ဌာနရဲ့ထုတ်ပြန်ချက်တွေမှာတော့ ဧရာဝတီတိုင်းအတွက် မိုးတိမ်တောင် ဖြစ်ထွန်းမှု သတိပေးချက်တွေကို ယခုအပတ်အတွင်း မတွေ့ရသေးပါဘူး။

ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် ပင်လယ်နဲ့ နီးစပ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေလည်း ပေါများတာကြောင့် ရေငွေ့သိပ်သည်းဆများတဲ့ တိမ်တွေဖြစ်ထွန်းလေ့ရှိပြီး မိုးများလေ့ရှိတဲ့ ဒေသတခုဖြစ်ပါတယ်။

ဒါကြောင့် မိုးကြိုကာလလိုမျိုး မိုးနှောင်းကာလတွေမှာလည်း ဂရုစိုက်နေထိုင်သင့်တယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးနေကြတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန (DDM) ရဲ့ စာရင်းတွေအရ ဧရာဝတီတိုင်းအတွင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရသူ စုစုပေါင်း ၃၄ ဦးရှိခဲ့ပြီး အဲဒီအထဲကမှ ၂၄ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီအချက်အလက်ဟာ ၂၀၂၄ ခုနှစ်ရဲ့ မိုးဦးကာလဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း မိုးကြိုးထိမှန် ခဲ့သူတွေရဲ့ စာရင်းဖြစ်ပြီး မိုးနှောင်းကာလ အချက်အလက်တွေ မပါဘူးလို့ သိရပါတယ်။