ထိုင်းနဲ့ ကမ္ဘောဒီးယား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို သမ္မတထရမ့်တက်မယ်

အခုနှစ်ရဲ့ အာဆီယံအလှည့်ကျ ဥက္ကဌလည်းဖြစ်တဲ့ မိုဟာမက် ဟာဆန် က “ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက်ကို သမ္မတ ထရမ့်က စောင့်မျှော်နေပါတယ်” လို့ မြို့တော် ကွာလာလမ်ပူမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

၁၄ ၊ အောက်တိုဘာလ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ လာမယ့် အာဆီယံအစည်းအဝေးမှာ ပြုလုပ်မယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး  မိုဟာမက် ဟာဆန် က ဒီကနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့  ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စစ်ရေးတင်းမာမှုအခြေအနေကြောင့် လူပေါင်း ၄၀ကျော် သေဆုံးပြီး လူပေါင်း ၃သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

တိုက်ပွဲတွေစတင်ပြီး ၅ရက်အကြာမှာတော့ သမ္မတထရမ့်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့ကြပေမယ့် အဲ့ဒီအချိန်ကစပြီး သဘောတူညီချက် ချိုးဖောက်မှုတယ်လို့ အပြန်အလှန်စွပ်စွဲနေခဲ့ကြတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ အာဆီယံအလှည့်ကျ ဥက္ကဌလည်းဖြစ်တဲ့ မိုဟာမက် ဟာဆန် က “ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက်ကို သမ္မတ ထရမ့်က စောင့်မျှော်နေပါတယ်” လို့ မြို့တော် ကွာလာလမ်ပူမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ထိုင်းနှင့် ကမ္ဘောဒီးယား အနေနဲ့ နယ်စပ်က မြေမြှုပ်မိုင်းတွေ အားလုံးကို ဖယ်ရှားပြီး စစ်လက်နက်ပစ္စည်းတွေကို ရုပ်သိမ်းဖို့ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက်  မလေးရှားနဲ့ အမေရိကန်တို့က စေ့စပ်ညှိနှိုင်းသူတွေအဖြစ် ဆောင်ရွက်ပေးမယ်လို့လည်း ဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတထရမ့်ဟာ အောက်တိုဘာ ၂၆ ရက်မှာ မလေးရှားကို လာရောက်မယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံက ခေါင်းဆောင်တွေအပြင် တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန် စတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေက အကြီးအကဲတွေလည်း တက်ရောက်လာမယ်လို့ သိရပါတယ်။

Ref – CNA