တပတ်အတွင်းသတင်းအနှစ်ချုပ်

၁၁၊အောက်တိုဘာ

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

🔹 မဲလိမ်တယ်လိုစွတ်စွဲအာဏာသိမ်းခဲ့တဲ့စစ်တပ်ကိုယ်တိုင်မဲစာရင်းတွေမှားယွင်းနေ
🔹 ပြည်သူတွေသံသယရှိနေတဲ့Beauty Landဟိုတယ်လူသတ်မှု
🔹 အာဏာသိမ်းစစ်တပ်ဝါဒဖြန့်မှုနဲ့ကွဲလွဲနေတဲ့မလေးရှားရဲ့ထုတ်ပြန်ချက်
🔹 သီတင်းကျွတ်မီးထွန်းပွဲတော်စစ်တပ် ဗုံးကြဲမှုနိုင်ငံတကာရှုတ်ချ
🔹 မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းဆယ်လီ

🔹 မဲလိမ်တယ်လိုစွတ်စွဲအာဏာသိမ်းခဲ့တဲ့စစ်တပ် ကိုယ်တိုင်မဲစာရင်းတွေမှားယွင်းနေ

အမှားအယွင်းများနေတဲ့ မဲဆန္ဒရှင်စာရင်း ကြေညာရက်ကို ရွေးကောက်ပွဲကော်မရှင် (UEC) က နောက် ထပ် ၇ ရက် ထပ်တိုးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေ မဲစာရင်း ကြည့်ရှုနိုင်ဖို့ ရက်ကိုအရင်က စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၃ ရက်အထိသတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့ မဲစာရင်းတွေမှားယွင်းနေတယ်လို့စစ်တပ် ထောက်ခံသူတွေကိုယ်တိုင်ပြင်းထန်စွာ ဝေဖန်မှုတွေရှိလာတဲ့အပြင်မဲစာရင်းကို ပြည်သူတွေ စိတ်မဝင် စားဘဲ ကြည့်ရှုသူ နည်းပါးလွန်းနေတာပါ။
အဲဒီနောက်မှာတော့မဲစာရင်းကပ်ထားမယ့်နေ့ရင်ကို ၇ ရက် ထပ်တိုးပြီး အောက်တိုဘာ ၂၀ ရက်အထိ ထပ်တိုးလိုက်တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်း၊မဲလိမ်ထားတယ်လို့ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့် သူတို့ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ထုတ်ပြန်တဲ့မဲစာရင်းတွေထဲမှာတော့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အမည် တောင် ပါဝင်ခြင်းမရှိတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်မဲစာရင်းတွေမှားယွင်းနေတယ်လို့လူသိရှင် ကြားဝေဖန်ခဲ့တဲ့ဘူးလက်ဦးလှဆွေကိုလည်း စစ် တပ်က စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

🔹 ပြည်သူတွေသံသယရှိနေတဲ့ Beauty Land ဟိုတယ်လူသတ်မှု

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်းက Beauty Land ဟိုတယ်မှာ အမျိုသမီး ၁ ဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းစွန့်ပစ်ခံရတဲ့ဖြစ်ရပ်မှာ ကျူးလွန် သူနဲ့ အပေါင်းအပါ ၂ ဦးကို ဖမ်းမိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဟိုတယ်မှာ အောက်တိုဘာလ ၆ရက်က အလောင်းတွေ့ရှိခဲ့တာဖြစ်ပြီး ကျူးလွန်သူဆိုတဲ့ ကိုအောင်ခန့်ကျော်ဇင်ဟာ အသက် ၁၈ နှစ်အရွယ်ရှိကာသာကေတ အမှတ် ၇ အရှေ့ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။
သူ့ရဲ့ မိဘ ၂ ပါးစလုံးဟာ ဆရာဝန်တွေဖြစ်ပါတယ်။

ပူးပေါင်းပါဝင်သူကတော့ ကိုအောင်ခန့်ကျော်ဇင်ရဲ့ ချစ်သူအသက်၁၈နှစ်အရွယ် မအေမွန်အောင်လို့ဆိုပါတယ်။ မအေမွန်အောင်ကတော့ ဗဟန်း၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်မှာ အောင်ချမ်းသာအိမ်ရာမှာ နေထိုင်သူဖြစ်ပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် မစုမြတ် ဝင်းရဲ့ ရုပ်အလောင်းကိုတော့ ဟိုတယ် ၅ လွှာရဲ့ နောက်ဖေး အပြင်ဘက် လေအေးပေးစက်စင်ပေါ်
မှာ တင်ထားတာကို ဆန့်ကျင်ဘက်တိုက်မှာနေတဲ့ သူတချို့က တွေ့ရှိခဲ့တာပါ။

မစုမြတ်ဝင်းနဲ့ ကိုအောင်ခန့်ကျော်ဇင်တို့ဟာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကိုအောင်ခန့်ကျော်ဇင်က သူနဲ့အတူပျော်ပါးဖို့ မစုမြတ်ဝင်းကို အခကြေးငွေနဲ့ကမ်းလှမ်းပြီး ဟိုတယ်ကိုလာဖို့ ခေါ်ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

လူသတ်မှုပြီးတဲ့နောက်မအေမွန်အောင်ကိုလည်း ကိုအောင်ခန့်ကျော်ဇင်က ဟိုတယ်ကိုလာဖို့ခေါ်ခဲ့ပြီး အခန်းသန့်ရှင်းရေး လုပ်ခိုင်းခဲ့ကာ အလောင်းကို ဖျောက်ဖျက်ဖို့လည်းကူခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုကိုရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)နဲ့ ပန်းဘဲတန်းမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါပေမယ့်လည်း ဒီအမှုကိုကျူးလွန်ခဲ့သူတွေဟာ သံသယနဲ့ဖမ်းဆီးခံထားရသူနှစ်ဦးအမှန်တကယ်ဟုတ်မဟုတ် ပြည်သူတွေကကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ဝေဖန်နေကြတာတွေလည်းရှိနေပါတယ်။

🔹 အာဏာသိမ်းစစ်တပ်ဝါဒဖြန့်မှုနဲ့ကွဲလွဲနေတဲ့မလေးရှားရဲ့ထုတ်ပြန်ချက်

မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ဟာ အောက်တိုဘာလ ၉ ရက်နေပြည်တော်ကိုနေ့ချင်းပြန် ခရီးစဉ်လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဥ်မှာအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်း လိုက်ပါခဲ့ပါတယ်။

မိုဟာမက်ဟာဆန်ရဲ့မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက် ပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်က အာဏာသိမ်းစစ်တပ်ရဲ့ဝါဒဖြန့မှုနဲ့ ကွဲပြားနေတာပါ။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို လွတ်လပ်မျှတ၊ ပွင့်လင်းမြင်သာ၊ အများယုံကြည်မှုရှိအောင် ကျင်း ပဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပဖို့နဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့စေလွှတ်ဖို့ ကိစ္စ အာဆီယံထိပ်သီးအစည်းအဝေးမှာတင်ပြ ဆွေးနွေးမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကဆိုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သတ်လို့ထုတ်ပြန်ချက်မှာစစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတွေမှာ ဖော်ပြသလို မြန်မာရွေး ကောက်ပွဲကို အာဆီယံက ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တာ မရှိသလို ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ စေလွှတ်မယ်လို့လည်းမပါရှိခဲ့တာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ခရီးစဉ်
မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အဓိက အနှစ်သာရတွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့် ရေး၊ လူသားချင်းစာနာမှုအကူအညီတွေပေးအပ် ရေးနဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေးတွေကို အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ဒီခရီးစဉ်မှာ ရိုဟင်ဂျာအရေး၊ အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံရေးနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အွန်လိုင်းလိမ်လည်မှုလို နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဌာန ထုတ်ပြန်ထားပါတယ်။

🔹 သီတင်းကျွတ်မီးထွန်းပွဲတော်စစ်တပ် ဗုံးကြဲမှုနိုင်ငံတကာရှုတ်ချ

မြန်မာနိုင်ငံမှာ သီတင်းကျွတ်မီးထွန်းပွဲ​တော်ကျင်းပ
နေစဉ်ကာလအတွင်း တိုက်ခိုက်ခံရမှုများအပါအ ဝင် ပြည်သူလူထုကိူ အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်နေမှုတွေကို နိုင်ငံတကာသံရုံးတွေကရှုတ် ချလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးကအကြမ်း ဖက်မှုတွေချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့၊ မတရားထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားတွေကို လွှတ်ပေးရန်နဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ရန် တောင်းဆိုထားပြီး မြန်မာပြည်သူများနဲ့ အတူ ဆက်လက်ရပ်တည်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိသျှသံရုံးကလည်း မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုဆက်လက်ကျူးလွန်နေတဲ့စစ်အစိုးရလုပ်ရပ်ကို ရှုတ်ချပြီး၊ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့အရပ်သားပြည်သူ အထူးသဖြင့် ကလေးငယ်တွေကို အကာအ ကွယ်ပေးရန် တိုက်တွန်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဝေဟင်ပစ် ခဲယမ်းလက်နက်တွေကိုခွဲခြားမှုမရှိဘဲ အသုံးပြုမှုကို လက်မခံနိုင်ဘဲ ပဋိပက္ခမှာပါဝင်သူတွေအားလုံးအပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကိုလိုက်နာကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၆ ရ သီတင်းကျွတ်လပြည့် နေ့မှာစစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ မူလတန်းကျောင်းကိုစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား၂၆ဦးလောက်သေဆုံးခဲ့ပြီး၄၀ ကျော်ဒဏ်ရာရရှိခဲ့တာပါ။

🔹မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ထိုင်းဆယ်လီ

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ High Profile Supporter တဦးဖြစ်ပြီးထိုင်းနာမည်ကျော်မင်းသားဦးလည်းဖြစ်တဲ့၀င်း မယ်ထ၀င်းဟာ မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တာ့ခ်ခရိုင်က မယ်လဒုက္ခသည်စခန်းကိုသွားရောက် ပြီးမြန်မာဒုက္ခသည်မိသားစုဝင်တွေနဲ့တွေ့ဆုံကာ
ဘောလုံးဆော့ကစားတာ၊ လက်မှုလုပ်ငန်းစတာတွေကိုအတူလုပ်ခဲ့ကြတာပါ။

ထိုင်းအစိုးရက ကာလရှည်နေထိုင်နေတဲ့မြန်မာဒုက္ခသည်တွေကိုတရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ ပြီးနောက်မှ ထိုင်းနာမည်ကျော်မင်းသားက စခန်းကိုလာရောက်တာဟာ အားလုံးပါဝင်နိုင်တဲ့ လူ့အသိုင်း အဝိုင်းတခုပေါ်ပေါက်လာရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတရပ်လို့ UNHCR က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုတည်ရှိပြီး မယ်လဒုက္ခသည်စခန်းက အကြီးဆုံးဖြစ်ပါတယ်။

အခုအောက်တိုဘာလအစမှာ မြန်မာကရွှေ့ပြောင်းဒုက္ခသည်တွေကို စခန်းအပြင်ဘက်မှာ ပထဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ခွင့်ကိုထိုင်းအစိုးရကခွင့်ပြုပေးခဲ့တာပါ။