“ ဒီလူတွေဟာ နိုင်ငံရေး အကျဉ်းသား ဟုတ် မဟုတ်၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ဟုတ် မဟုတ်ဆိုတာ မြန်မာကတင်မဟုတ်ဘူး ကမ္ဘာကပါသိတယ်။ ဒါကို စစ်ကောင်စီ အလိုကျ ပြောနေတယ် ဆိုကတည်းက သူ့ရဲ့နိုင်ငံရေး ရေချိန်ကို ကျွန်မတို့ သိနိုင်ပါတယ်။
၉၊ အောက်တိုဘာလ။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒီချုပ်အစိုးရအဖွဲ့ဝင်တွေဟာ နိုင်/ကျဉ်းတွေ မဟုတ်ဘူးလို့ ပြောပါတယ်။
မနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာ မေးခွန်းမေးမြန်းသူက ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုသွားမှာလားဆိုတဲ့ မေးခွန်းဖြေကြားရမှာ အခုလို ပြောခဲ့တာပါ။
“ သူတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ရံပုံငွေတွေကို မလျော်မကန် အသုံးပြုခဲ့ကြပြီး ဒီလိုမလျော်မကန် အသုံးပြုတယ်ဆိုတာလည်း စစ်ဆေးပေါ်ပေါက်လို့ အပြစ်ပေးခံထားရသူတွေဖြစ်ပါတယ် ” လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုမလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေကြားသွားခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၅၀၀ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
“ ဒီလူတွေဟာ နိုင်ငံရေး အကျဉ်းသား ဟုတ် မဟုတ်၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ဟုတ် မဟုတ်ဆိုတာ မြန်မာကတင်မဟုတ်ဘူး ကမ္ဘာကပါသိတယ်။ ဒါကို စစ်ကောင်စီ အလိုကျ ပြောနေတယ် ဆိုကတည်းက သူ့ရဲ့နိုင်ငံရေး ရေချိန်ကို ကျွန်မတို့ သိနိုင်ပါတယ်။ သူတို့ ဒီလိုတွေပြောနေလဲ ဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အကျိုးစီးပွားအတွက်ပဲဖြစ်တယ်ဆိုတာကို သူတို့မမြင်နိုင်တာက သူတို့ရဲ့ နိုင်ငံရေး ရေချိန်ပါပဲ ” လို့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ လူငယ် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
ဧရာဝတီတိုင်းဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ တိုင်းလုံးကျွတ် မဲဆန္ဒနယ်အပြည့် NLD က အနိုင်ရရှိခဲ့တဲ့ ဒေသတခုဖြစ်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ထွက်ခွာသွားခဲ့တဲ့ လူငယ်တွေရဲ့ တရားဝင်နေထိုင်နိုင်ရေးကို ကြိုးစားပေးသွားမယ်လို့ ပြောခဲ့ပေမယ့် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကိုလည်း လက်ခံကြိုဆိုတယ်လို့ ဆိုထားပြန်ပါတယ်။
ဒီစစ်မှုထမ်း ဥပဒေကြောင့် သိန်းနဲ့ချီတဲ့ လူငယ်တွေဟာ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်ရတဲ့ အခြေအနေကို ရောက်ရှိခဲ့ကြရပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်မှုထမ်းထောက်ပံ့ကြေး ပေးနေရတာ ဟာလည်း အနိမ့်ဆုံး ငွေကျပ် ၅ သောင်းကနေ သိန်း ၁၀ နဲ့ချီနဲ့အထိ ရှိနေပါတယ်။