“ပင်လယ်ပြင်မှာ လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်ဖို့ရှိနေလို့ အန္တာရယ် မရှိအောင် အထက်က ပိတ်ခိုင်းထားတာတော့ ရှိတယ်။ ဘယ်နေ့ ဘယ်အချိန် ပစ်မလဲဆိုတာ မသိဘူး။တားထားတဲ့ ထဲကထွက်ကြလို့ ထိခိုက်ရင် ထွက်သူအပြစ်ပဲ”
၈။အောက်တိုဘာ။
ရခိုင်ပြည်နယ် နှင့် ထိစပ်နေတဲ့ ဧရာဝတီတိုင်းအနီး ပင်လယ်ပြင်မှာ စစ်တပ်က လုံခြုံရေးကို အရင်ကထက် ပိုပြီးတင်းကြပ်ထားတဲ့အတွက် ဒေသခံတွေ လူမှု၊ စီးပွား အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါ တယ်။
စစ်ကောင်စီရဲ့ ကမ်းရိုးတန်း လုံခြုံရေး ပူးပေါင်းတပ်တွေက ရေယာဉ်တွေ ၊ လှေနဲ့ စက်လှေတွေ အသွားအလာကို မကြာခဏ ရက်အကန့်အသတ်မရှိ ပိတ်တာ၊ သွားလာနေတဲ့ ရေယာဉ်တွေကို တောင်းတဲ့ငွေ နဲ့ စက်သုံးဆီ မရမခြင်း အကြောင်းမဲ့ ရပ်တန့်ခိုင်းပြီး စစ်ဆေးကြတာ၊ရေတပ်ရဲ့ စစ်သင်္ဘောတွေပေါ်ကနေ မကြာခဏ အမြောက် စမ်းသပ်ပစ်ခတ် လေ့ကျင့်ကြတာတွေကြောင့် ဒေသခံတွေမှာ လူမှု / စီးပွား အခက်အခဲ တွေ ဖြစ်နေရတာပါ။
“တော်သလင်း၊သီတင်းကျွတ်လဆိုတာက ဒေသရဲ့ အဓိကျတဲ့ ငါးဖမ်းလုပ်ငန်း နဲ့ ကုန်စည်နဲ့ ခရီးသည် ပို့ဆောင်တဲ့လုပ်ငန်း ပွင့်လင်းရာသီ စချိန်ပါ။ ဒီအချိန်မျိုးမှာ မကြာခဏ ပင်လယ်ပြင် အသွားအလာ ပိတ်တာတွေ၊ အကြောင်းမဲ့ အချိန်ဆွဲ စစ်ဆေးတာတွေက ဒီရေအတက် အကျနဲ့ အချိန်ကိုက် လုပ်ကိုင်ရတဲ့ လုပ်ငန်းမို့လို့ အတော်နစ်နာပါတယ်။ အမြောက်တွေ ပစ်နေပြန်ရင်လည်း ငါးက ဘယ်လိုမိတော့မလဲ”လို့ ငပုတောဒေသခံ ရေလုပ်ငန်းရှင် တဦးက ပြောပါတယ်။
ဧရာဝတီတိုင်းရဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသတွေဖြစ်တဲ့ သာပေါင်း ၊ ရွှေ သောင်ယံ ၊ချောင်းသာ ၊ငွေဆောင်၊ ငပုတော၊ ငရုတ်ကောင်း၊ မော်တင်၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ ၊ ဒေးဒရဲ ၊ ဖျာပုံ ၊ အမာ ၊ စတဲ့ ဒေ သတွေ မှာ ဒီအချိန်ကာလဟာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း စတင် လုပ်ကိုင်ကြတဲ့ အချိန်ပါ။
ဒေသခံ အများစုဟာ ပင်လယ်ပြင်ကို အမှီပြုပြီး ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လုပ်ငန်းနဲ့ ဝမ်းစာရှာဖွေရသူတွေနဲ့ ပင်လယ် ရေကြောင်းလမ်းကို အသုံးပြုပြီး ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။
စစ်ကောင်စီရဲ့ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တဦးက” ပင်လယ်ပြင်မှာ လက်နက်ကြီးတွေ စမ်းသပ် ပစ်ခတ်ဖို့ ရှိနေလို့ အန္တာရယ် မရှိအောင် အထက်က ပိတ်ခိုင်းထားတာတော့ရှိတယ်။ ဘယ်နေ့ ဘယ်အချိန် ပစ်မလဲဆိုတာ မသိဘူး။တားထားတဲ့ ထဲကထွက်ကြလို့ ထိခိုက်ရင် ထွက်သူအပြစ်ပဲ” လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအနီး ပင်လယ်ပြင်ရှိ ဟိုင်းကြီးကျွမ်းမြို့ ပါတ်ဝန်းကျင်၊ လိပ်ကျွန်းဘက်မှာ အမြောက် ပစ်ခတ်သံတွေ စက်တင်ဘာလ အတွင်းက ကြားရပေမယ့်၊ ဧရာဝတီတိုင်း ပင်လဘ်ပြင် ကမ်းရိုးတန်း အခြားဒေသတွေမှာတော့ ပစ်ခတ်သံ တွေမကြားရပဲ လုံခြုံရေးတင်းကြပ်တာတွေတော့ ရှိနေတယ်လို့ ဧရာဝတီတိုင်း ပင်လယ် ကမ်းရိုးတန်း ဒေသမှာ နေထိုင်သူ အချို့ထံကသိရပါတယ်။
အာရက္ခ တပ်တော် နဲ့ တော်လှန်ရေးပူးပေါင်း’တပ်တွေရဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ် ဧရိယာတော်တော်များများ ဆုံးရှုံးထားရတဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း အတွင်းက ရေကြောင်း၊ကုန်းကြောင်းလမ်းတွေကို ပိတ်ဆို့ပြီး နယ်မြေစိုးမိုးမှု လုပ်နေတာလို့ နိုင်ငံရေး၊စစ်ရေး အတွေ့အကြုံ ရှိသူ စစ်မှုထမ်းဟောင်းတဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းရဲ့ ပင်လယ်ကမ်းရိုးတန်းတလျှောက် စိုးမိုးရေး အတွက် ရွှေသောင်ယံ၊ ထိပ် စွန်း၊ အုန်းကျွန်း ၊ လိပ်ကျွန်း နဲ့ ဟိုင်းကြီးကျွန်းတို့မှာ အမြေက်တပ်တွေ နေရာချထားတဲ့အပြင် ကမ်းရိုးတန်းဒေသ စိုးမိုးရေး အတွက် ခလရ ၂၇၁နဲ့ ခြေလျှင်တပ်ဖွဲ့တွေ စုဖွဲ့ထားကာ ဧရာဝတီတိုင်း ပင်လယ်ပြင်စိုးမိုးရေးအတွက် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်၊ ပုသိမ်ရေတပ် ရေယာဉ်စုတပ်ဖွဲ့ နဲ့ ကဒုံကနိ ရေတပ်ရေယာဉ်စု တပ်ဖွဲ့တွေ ထားရှိပါတယ်။