၆၊ အောက်တိုဘာလ။
“ ဒီအချိန်ဆို အိမ်တိုင်းမှာ မုန့်ကျွဲသဲတွေ လုပ်ကြပြီ..”။
“ မုန့်ကြိုးပြတ်လည်း စားချင်တာဟာ..”။
“ ဒီနှစ်တော့ ဆီမီးတထောင် ပန်းတထောင်မကပ်ဖြစ်လောက်ကြဘူးထင်တယ်…”။
“ အမေကတော့ ဒီနှစ်က မိုးများတော့ ရှင်ဥပဂုတ္တဖောင်လွှတ်မယ်ထင်တယ်တဲ့ … ”။
ဒီနေ့က သီတင်းကျွတ်လပြည့်နေပါ။ စကားသံတွေက သီတင်းကျွတ်လပြည့်နေ့ အလှူ(ဝါထွက်အလှူ)လုပ်နေတဲ့ အလှူအိမ်တခုရဲ့ သရက်ပင်ကြီးအောက်မှာ ဆေးလိပ်စုသောက်နေကြတဲ့ လူငယ်ဝိုင်းလေးကနေ ထွက်လာနေတာပါ။
မြန်မာနိုင်ငံသားတွေ၊ ဗုဒ္ဓဘာသာဝင်တွေအတွက် သီတင်းကျွတ်ကာလနဲ့ သင်္ကြန်ကာလဆိုတာ အိမ်ပြန်ကြတဲ့ကာလတွေပါ။ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ ဇာတိမြေက မိတ်ဆွေ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့ ကာလတွေပါပဲ။
ဒီလူငယ်လေးတွေကလည်း စစ်အာဏာရှင်ဆိုးကိုသာ မတော်လှန်ခဲ့ကြရဘူးဆိုရင် မိသားစုနဲ့အတူရှိနေကြရမယ့်၊ မိသားစုဆီကို ရောက်အောင်ပြန်ကြရမယ့် အရွယ်လေးတွေပါပဲ။ လူငယ် ၇ ယောက်ဝိုင်းမှာ အသက်အကြီးဆုံးကမှ ၂၅ နှစ်တဲ့။အခုတော့ သီတင်းကျွတ်နာ ကိုယ်စီပေါက်လို့ပေါ့။
ဒီ ၇ ယောက်စလုံးက ဧရာဝတီတိုင်းသားတွေဖြစ်ကြပြီး ၅ ယောက်က စစ်မှုထမ်းဥပဒေကြောင့် အာဏာသိမ်း စစ်တပ်ထဲ မဝင်ချင်လို့ PDF ဖြစ်လာခဲ့သူတွေပါ။
“ အခုက ဧရာထဲကိုပြန်ဝင်မှာ။ အိမ်တော့ မပြန်နိုင်သေးပေမယ့် အိမ်ရှိနေတဲ့ နေရာကို ကိုယ့်ဒေသကို ပြန်ရမှာမို့ စိတ်ထဲတမျိုးကြီးတော့ ဖြစ်တယ် ” လို့ မချိုငယ်က ဆိုပါတယ်။
သူက အဖွဲ့ထဲမှာအှကြီးဆုံးပါ။ သူ့ရဲ့ ညီမဖြစ်သူလည်း သူနဲ့အတူ ဧရာထဲမှာ ပြန်တိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ အရပ်ပုကြပေမယ့် အသားမဖြူ၊ မညိုလေးနဲ့ ခန္ဓာကိုယ် လုံးလုံးလေးတွေဟာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကြောင့် ကျစ်ကျစ်လစ်လစ်လေးပါပဲ။
အကြောင်းအရာတခုကိုပြောဖို့ ပြင်ပြီးမှ “ မပြောချင်တော့ပါဘူး အစ်မရာ ” လို့ အစချီတတ်တဲ့ မချိုငယ်က ဝါးခယ်မသူတဲ့။
သူက “ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့က သတင်းတွေ ထွက်ထွက်လာတယ်နော်။ အုပ်ကြီးက ဘာဖြစ်တယ်။ စစ်မှုထမ်းကိစ္စက ဘယ်လိုစသဖြင့်ပေါ့ ဝါးခယ်မ ဘာသံထွက် ဘာမှမထွက်ဘူး။ ငကြောက်တွေချည်းပဲ ဒါပေမယ့်လည်း ပြန်လို့ရရင် ပြန်ချင်တာပဲ ” လို့ ဆိုပါတယ်။
မအူပင်ဇာတိဖြစ်သူ ကိုထိန်လင်းကတော့ သီတင်းကျွတ်နဲ့ သင်္ကြန်မှာ သီတင်းကျွတ်ကို ပိုပျော်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သင်္ကြန်ကာလမှာ အလုပ်မနားရတဲ့ လုပ်ငန်းခွင်ဖြစ်တာကြောင့် သီတင်းကျွတ်ဆိုတာဟာ တနှစ်မှာ တခါ မိသားစုတွေ ဆုံရတဲ့ ကာလဖြစ်တယ်လို့ ဆိုပါတယ်။
“ ကာလသားကြီးတွေက အပျိုတွေအုပ်ထဲ ဗျောက်ပစ်ထည့်ရင် သိပ်ပျော်တာ။ နောက်ပြီး ကျွန်တော်ကကျ သီတင်းကျွတ်ပြီဆိုတာက လတိုင်းမုန့်တွေ စားရပြီလို့ မှတ်ထားသေးတာ။ ခုဆို ဘယ်အိမ်ဝင်ဝင် မုန့်ကျွဲသဲ စားရပြီ။ နောက်လဆို မုန့်ဆမ်း၊ မုန့်ကြိုးပြတ်၊ ကရေကရာ၊ ခေါပြင်၊ နေကြာစေ့၊ ပဲကြီးလှော်၊ ထညှက်ပေါက်ပေါက်၊ ဇီးထညှက်၊ မကျီးထညှက် ပြောရင်းနဲ့ စားချင်လာပြီ ” လို့ သူကပြောပါတယ်။
သီတင်းကျွတ်ဆိုတာဟာ ဗုဒ္ဓဘာသာ ဓလေ့အရ ဝါထွက်ကာလဖြစ်ပြီး အလှူအတန်းတွေနဲ့ မင်္ဂလာဆောင်လို ကိစ္စမျိုးတွေကို ဆောင်ရွက်ကြတဲ့ ယဉ်ကျေးမှုရှိပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းဘက်က ဓလေ့အရဆိုရင် သီတင်းကျွတ်ကာလမှာ အိမ်တိုင်းနီးပါးက မုန့်တွေလုပ်ကြပြီး ဆီးမီးတထောင်၊ ပန်းတထောင် ကပ်လှူပူဇော်တာတွေ၊ ရှင်ဥပဂုတ္တ ဖောင်မျှောပွဲတွေ၊ မြစ်ချောင်းတွေ ပေါများတာကြောင့် မီးမျှောပွဲတွေ စသဖြင့် ပြုလုပ်ကြလေ့ရှိပါတယ်။
ဧရာဝတီတိုင်းတခုတည်းဖြစ်လင့်ကစား မြို့ရွာကွဲရုံနဲ့ ပွဲပြုလုပ်ပုံတွေလည်း ကွဲပြားတာကြောင့် တရွာတပုဒ်ဆန်း ပုံစံတွေနဲ့ ဒီပွဲတွေကို ပြုလုပ်ကြတာကြောင့် လူငယ်တွေဟာ ရွာနီးချင်း၊ မြို့နီးချင်း ပွဲလိုက်ကြည့်တယ်ဆိုတဲ့ အလေ့အထလည်း ရှိနေပြန်ပါတယ်။
“ ကျွန်တော်တို့ဆီမှာကျ ဆီမီးတထောင် ပန်းတထောင်က တန်ဆောင်တိုင်မှလုပ်တာ။ ဘာတော့ရှိလဲဆိုတော့ ဝါးပိုးအမြှောက်ဖောက်တာရှိတယ်။ ရွာစပ်တွေမှာ ဟိုဘက် ဒီဘက် ဘယ်ဘက်ကအမြှောက်က ပိုမြည်လဲပေါ့။ သိပ်ပျော်ခဲ့တာပေါ့။ အခုတော့ ပေါက်ကွဲသံကို မကြားချင်တော့ဘူး ” လို့ ဟင်္သာတမြို့နယ် ဒေသခံဖြစ်သူ ကိုစိမ်းက ဆိုပါတယ်။
သူက ဆက်ပြီး “ အဲ့ဒီတုန်းကတော့ဗျာ ဒီအချိန်တွေဆို ဝါးပိုးအမြှောက်မှာနိုင်ဖို့ လော်စပီကာပြိုင်ပွဲမှာနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အကြီးမားဆုံး အိပ်မက်ပေါ့ ” တဲ့။
ဆူညံနေတဲ့ စကားဝိုင်းက တိကနဲရပ်သွားပါတယ်။ အသီးသီး အသက ဆေးလိပ်တွေ ဖွာရှုက်လိုက်ကြပြန်ပါတယ်။
“ သမီးဆို ဒါကြီးဖြစ်တော့ (အာဏာသိမ်းခြင်း)၁၅ နှစ်ပြည့်ရုံလေးရှိသေးတာ။ သမီးအတွက် သီတင်းကျွတ်မျှော်လင့်ချက်ဆိုတာ အင်္ကျီအသစ်လေးဝတ်ပြီး ပွဲဈေးလျှောက်ဖို့ပဲ ” လို့ မချိုငယ်ရဲ့ ညီမဖြစ်သူက စကားဝိုင်းကို ပြန်စပါတယ်။
အမဖြစ်သူနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးထဲကို စဝင်တော့ ငယ်သေးတာကြောင့် စားဖိုဆောင်အကူအဖြစ် နေထိုင်လုပ်ကိုင်ခဲ့ပြီး အသက် ၁၇ နှစ်မှ လက်နက်ကိုင်တိုက်ပွဲဝင် လေ့ကျင့်ခန်းတွေကို စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ လိုင်းပေါ်မှာလည်း ကြည့်လိုက်ရင် လောစပီကာ ပြိုင်ပွဲတို့ ဘာတို့ဆို အပြစ်ကြီး ကျူးလွန်နေတာကျနေတာပဲ ပြောကြတာဆိုတာ။ တော်လှန်ရေးပြီးရင်တောင် အဲ့ဒါတွေကို ပြန်လုပ်လို့ရပါဦးမလားပဲ ” လို့ ကိုစိမ်းက ဆိုပါတယ်။
တခါ စကားဝိုင်းက တိတ်ဆိတ်သွားပြန်ပါတယ်။ ဆေးလိပ်ငွေ့တွေလည်း လိပ်ကနည်း အလုံးလိုက်တက်လာပြန်ပါတယ်။
ဒီလူငယ်လေးတွေဟာ တော်လှန်ရေးကာလကြီး မတိုင်ခင်က အရက်၊ ဆေးလိပ်ဆိုတာဟာ ဝေးဝေးကနေရမယ့် ပစ္စည်းတွေဖြစ်ခဲ့ပေမယ့် တော်လှန်ရေး ကာလကြီးထဲမှာတော့ အရက်နဲ့ ဆေးလိပ်မပါပဲ ဒီခရီးကို မဖြတ်သန်းနိုင်လောက်ဘူးလို့ ဆိုကြပါတယ်။
ဧရာဝတီတိုင်းသားတွေဖြစ်ကြတဲ့ ဒီလူငယ်လေးတွေဟာ ဧရာဝတီတိုင်းထဲက တပ်ရင်းတပ်ဖွဲ့တချို့ကို အင်အားဖြည့်ဖို့ သွားနေတဲ့ လမ်းခရီးမှာပါ။ ဒါပေမယ့် စိတ်တွေကတော့ အိမ်ကိုပြန်ရောက်နေကြတဲ့ လူငယ်လေးတွေလည်း ဖြစ်ကြပြန်ပါတယ်။
ဧရာဝတီတိုင်းဟာ စစ်ကောင်စီ စိုးမိုးနိုင်မှုအားကောင်းတဲ့ တိုင်းတခုဖြစ်ပြီး ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေ ထွက်တဲ့တိုင်းဖြစ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးတလျှောက် ငြိမ်သက်နေခဲ့တဲ့ ဒေသတခုဖြစ်ခဲ့ပါတယ်။
ယခုနှစ်ဆန်းပိုင်းကစလို့ AA မဟာမိတ်တပ်တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ရခိုင်နဲ့ ဧရာ နယ်စပ်တွေကနေ ဧရာထဲကို ထိုးဖောက်ဝင်လာနေကြပါတယ်။ ဒီလိုဝင်ရောက်လာမှုမှာလည်း စစ်ကောင်စီက အင်အားအလွန်အကျွံ့သုံးစွဲနိုင်မှုကြောင့် ဧရာဝတီတိုင်းအတွင်းက တော်လှန်ရေးအရှိန်ဟာ ခပ်အေးအေး အခြေအနေကို ပြန်ရောက်နေတဲ့အခြေအနေပါ။
ဒါပေမယ့် အာဏာသိမ်းမှုကို လက်မခံဘဲ လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်ခဲ့ကြတဲ့ မြန်မာနိုင်ငံအနှံ့က ဧရာတိုင်းသားတွေကတော့ ဒီစစ်ရေးအရှိန်ဟာ မျှော်လင့်ထားတာထက် ပိုသွားနိုင်နေတယ်လို့ သုံးသပ်ကြပါတယ်။
ဒါအပြင် နိုင်ငံအနှံ့က တပ်ရင်း၊ တပ်ဖွဲ့အသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့ အတွေ့အကြုံရှိ PDF ရဲဘော်တွေဟာလည်း ဧရာရဲ့ရင်ခွင်ကို ပြန်ခိုလှုံနိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်နေကြပါပြီ။
သီတင်းကျွတ်ဆိုတာဟာ ဧရာတိုင်းသားတွေသာမက မြန်မာနိုင်ငံသားတွေ အိမ်ပြန်ကြတဲ့၊ မိသားစုနဲ့ဆုံကြတဲ့ ကာလဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြတဲ့ ဧရာသားတွေဟာ ဆယ်စုနှစ် ထက်ဝက်စာ အိမ်ကိုမပြန်နိုင်ကြသေးပါဘူး။
သူတို့လည်း အိမ်ပြန်ချင်သလို အိမ်ကိုလွမ်းသူတိုင်း အိမ်ပြန်ခွင့် ရစေချင်တယ်။ ဒါကြောင့်ပဲ ကျရာနေရာမှာ တာဝန်ထမ်းဆောင်ဖို့ မတွန့်ဆုတ်ခဲ့ကြပါဘူးတဲ့။
“ ညီမကတော့ လူအကောင်းအတိုင်း အိမ်ပြန်မရောက်နိုင်ရင်တောင် အရိုးပြာလေးတော့ အိမ်ပြန်ရောက်ချင်တယ် ” လို့ မချိုငယ်က ပြောပါတယ်။