ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်မှာ နှင်းမုန်တိုင်းကြောင့် တောင်တက်သမားရာချီ ပိတ်မိခဲ့


ပင်လယ်ရေမျက်နှာပြင် အမြင့်ပေပေါင်း ၂၉,၀၃၂ ကျော်မှာတည်ရှိတဲ့ ဧဝရက်တောင်ကို နှစ်စဉ် လူအများအပြား လာရောက်ကြပေမယ့် အင်မတန်အန္တရာယ်များတဲ့ ခရီးစဉ်တခုအဖြစ် သတ်မှတ်ထားတာပါ။

၆ ၊ အောက်တိုဘာ

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ရဲ့ အရှေ့ဘက် ၊ တိဘက်တောင်တန်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတခု တိုက်ခတ်မှုကြောင့် လူရာချီ ပိတ်မိနေပြီး ကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာန CCTV က တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၃ရက်နေ့ ညနေပိုင်းကတည်းက ဧဝရက်တောင်မှာ နှင်းမုန်တိုင်းကျပြီး ရာသီဥတုဆိုးရွားခဲ့တာပါ။

တိဘက်ဒေသရဲ့ Blue Sky ကယ်ဆယ်ရေးအဖွဲ့ဆီ အကူအညီတောင်းတဲ့ ဖုန်းလက်ခံရခဲ့ရာမှာ နှင်းတွေကြောင့် ယာယီတဲတွေ ပြိုကျပြီး တောင်တက်သမားတချို့ဟာ ကိုယ်အပူချိန်အလွန်အမင်းကျဆင်းမှု ခံစားနေကြရတယ်လို့ ဆိုပါတယ်။

မနေ့ကအထိ တောင်တက်သမား ၃၅၀ဟာ တိဘက်ဒေသ Qudang ကျေးရွာအထိ ရောက်ရှိခဲ့ပြီး ကျန်ရှိနေတဲ့ ၂၀၀ ကျော်ကိုတော့ အဆက်အသွယ်ရထားပြီလို့ CCTV သတင်းမှာ ဖော်ပြပါတယ်။

တိဘက်တောင်တန်းဒေသမှာ လက်ရှိပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ခံစားနေရပြီး အိမ်နီးချင်း နီပေါနိုင်ငံမှာလည်း မိုးများပြီး မြေပြိုတာ ၊ ရုတ်တရက်ရေကြီးတာတွေကြောင့် ပြီးခဲ့တဲ့ ၂ရက်အတွင်း လူ ၄၇ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာလည်း တိုင်ဖွန်းမုန်တိုင်း Matmo ဝင်ရောက်လာတာကြောင့် လူပေါင်း ၁သိန်းခွဲကို နေရာရွှေ့ပြောင်းခဲ့ရပါတယ်။

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေပေါင်း ၂၉,၀၃၂ ကျော်မှာတည်ရှိတဲ့ ဧဝရက်တောင်ကို နှစ်စဉ် လူအများအပြား လာရောက်ကြပေမယ့် အင်မတန်အန္တရာယ်များတဲ့ ခရီးစဉ်တခုအဖြစ် သတ်မှတ်ထားတာပါ။

မကြာသေးခင်နှစ်တွေက တောင်တက်လမ်းမှာ လူတွေပြည့်သိပ်နေတာ ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ လူသေဆုံးတဲ့ တောင်တက်ခရီးစဉ်တွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
Ref – BBC