တပတ်အတွင်းသတင်းအနှစ်ချုပ်

၄၊အောက်တိုဘာ

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

🔹 ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသားငယ်ကိုထိန်လင်းတရုတ်ကိုအကူအညီတောင်း
🔹 ကစားသမားဘဝကိုအနိုင်နဲ့နှုတ်ဆက်ပြီးဂုဏ်ထူးဆောင်မှတ်တမ်းဝင်ခဲ့တဲ့အောင်လအန်ဆန်း
🔹 ရွေးကောက်ပွဲအကြိုကာလဝန်ထမ်းတွေကိုထောက်ပံငွေထပ်တိုး
🔹 အမေရိကန် အခွန်နှုန်းတိုးလို့မြန်မာအထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်း
🔹 ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ၆၄ ဦး ရှိ

🔹 ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသားငယ်ကိုထိန်လင်းတရုတ်ကိုအကူအညီတောင်း

အာဏာသိမ်းစစ်တပ်ကဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သားငယ်ဖြစ်သူကိုထိန်လင်းခေါ် ကင်မ်အဲရစ်ကတရုတ်အစိုးရကို အကူအညီတောင်းခံလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်မှုကသင့်မြတ်ပေါင်းစည်း
မှုနဲ့ တည်ငြိမ်ရေးအတွက် အရေးအကြီးဆုံး ပထမခြေလှမ်းဖြစ်တယ်လို့ သူ့လူမှုကွန်ရက်စာမျက်နှာကတဆင့်တောင်းဆိုထားတာဖြစ်ပါတယ်။

မကြာသေးခင်ကာလကလည်း ကိုထိန်လင်းက မိခင်ဖြစ်သူဟာ နှလုံးရောဂါခံစားနေရပြီးကျန်းမာ ရေးစောင့်ရှောက်မှုတွေအပြည့်အဝမရရှိဘူးလို့ပြောဆိုခဲ့ပါသေးတယ်။

🔹 ကစားသမားဘဝကိုအနိုင်နဲ့နှုတ်ဆက်ပြီးဂုဏ်ထူး ဆောင်မှတ်တမ်းဝင်ခဲ့တဲ့အောင်လအန်ဆန်း

မြန်မာစပါးအုံးလို့ တင်စားကြတဲ့ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ကစားသမား အောင်လအန်ဆန်းဟာ ကစားသမားဘဝ နောက်ဆုံးပွဲကို နိုင်ပွဲနဲ့နှုတ်ဆက် ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာအောက်တိုဘာ ၄ ရက် ကပြုလုပ်ခဲ့တဲ့ONE Championship ပွဲမှာ အောင်လ က ဆွီဒင်ကစားသမား ကာဒက်စ်တန်ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ဒုတိယအချီမှာပဲ အောင်လကဆွီဒင်ဖိုက်တာကိုအလဲ ထိုးအနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

ONE Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချံပီယံဟောင်း အောင်လအန်ဆန်းဟာ ကိုယ်ခံ ပညာပေါင်းစုံပြိုင်ပွဲတွေမှာ ပွဲ ၂၀ ထိုးသတ်ခဲ့ပြီး ၁၅ ပွဲနိုင်ကာ၅ ပွဲရှုံးနိမ့်ခဲ့တာပါ။

အော်လအန်ဆန်းကသူ့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲကို အမဲလိုက်အက သီချင်းနဲ့ ပွဲထွက်ခဲ့ပြီးအဆိုတော် လေးဖြူ ကိုယ်တိုင် လာရောက် သီဆိုပေးခဲပါတယ်။

ONE Championshipရဲ့ မစ်ဒယ်ဝတ်တန်းနဲ့လိုက်ဟဲဗီးဝိတ်တန်းမှာကမ္ဘာ့ချန်ပီယံဆု နှစ်ခုရရှိခဲ့တဲ့အောင်လအန်ဆန်ကိုONE Hall of Fame ထဲတွင် ထည့်သွင်းပြီးဂုဏ်ထူးဆောင်ကစားသမားအဖြစ် မှတ်တမ်းတင်သွားမယ်လို့လည်း ONE Championshipကပွဲအပြီးမှာကြေညာခဲ့ပါတယ်။
အောင်လအန်ဆန်းမတိုင်ခင် ONE Hall of Fameမှာထည့်သွင်း ဂုဏ်ပြုမှတ်တမ်းတင်ထားသူ ကစား သမားအဖြစ်အမေရိကန်ဖိုက်တာ ဂျွန်ဆင်နဲ့ဘရားဇီးဖိုက်တာ ဗီဗီယာနိုဖာနန်ဒက်စ်တို့၂ ဦးသာရှိသေးတာဖြစ်ပါတယ်။

🔹 ရွေးကောက်ပွဲအကြိုကာလဝန်ထမ်းတွေကိုထောက်ပံငွေထပ်တိုး

လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်ကော်မရှင် ဝန်ထမ်းတွေအပြင် စစ်ဘက် အရပ်ဘက် အငြိမ်း စား ဝန်ထမ်းတွေ၊ နေ့စားဝန်ထမ်းနဲ့ အလုပ်သမားတွေကိုအာဏာသိမ်းစစ်ကောင်စီက အပိုထောက်ပံ့ ကြေး တိုးမြင့်လိုက်ပါတယ်။

ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် တဦးကို သုံးသောင်း ကျပ် ခံစားခွင့် ထပ်တိုးပေးလိုက်ပြီး ရှိရင်းစွဲ ထောက်ပံ့ကြေးတွေပေါင်းလိုက်ရင် စုစု ပေါင်း ထောက်ပံ့ငွေကိုးသောင်းကျပ်ရရှိမှာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ နောက်ပိုင်း လစာမဟုတ်ဘဲ အပိုထောက်ပံ့ကြေးဆိုပြီး ကျပ်ငွေ သုံးသောင်းစီ တိုးပေးလာတာဟာ၃ ကြိမ်မြောက်ဖြစ်ပါတယ်။
နောက်ပြီး စစ်တပ် ကြည်း၊ ရေ၊ လေ ဝန်ထမ်း တွေကို လည်း အပိုထောက်ပံ့ကြေး သုံးသောင်း ပေးတဲ့အထဲ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် အစိုးရဌာနတွေ နဲ့ အဖွဲ့အစည်းတွေက နေ့စားဝန်ထမ်း နဲ့ နေ့စားအလုပ်သမားတွေ အတွက် တရက် လုပ်ခလစာအပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ် တိုးပေးလိုက်ပြီး စုစုပေါင်း တရက်လုပ်ခ ၇,၈၀၀ ကျပ်ရရှိမယ်လို့လည်းဆိုပါတယ်။

အခုလိုထောက်ပံ့ကြေး ထပ်တိုးပေးတာက ရွေးကောက်ပွဲအတွက် မဲဆွယ်တာလို့လည်းသုံးသပ် မှုတွေရှိနေတာပါ။

🔹 အမေရိကန် အခွန်နှုန်းတိုးလို့ မြန်မာအထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်း

အမေရိကန်အစိုးရက အခွန်နှုန်းထားတွေ တိုးကောက်ပြီးနောက်ရန်ကုန်မြို့ရွှေပြည်သာနဲ့လှိုင်သာ ယာမြို့နယ်ကအထည်ချုပ်စက်ရုံတချို့ပိတ်သိမ်းခဲ့ပြီး တချို့ စက်ရုံတွေလည်းအလုပ်သမားလျှော့ချတာ၊အချိန်ပိုအလုပ်ချိန်ရပ်ဆိုင်းတာတွေရှိလာနေပါတယ်။

ဩဂုတ်လ ၁ ရက်နေ့မှစ အသက်ဝင်နေတဲ့အမေရိ ကန်အစိုးရရဲ့အခွန် ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမှုကြောင့်အမေရိကန်ဈေးကွက်ကို အဓိကတင်ပို့နေသည့် စက်ရုံများအတွက်အကျပ်အတည်းတွေဖြစ်လာနေတာပါ။

🔹 ရွေးကောက်ပွဲဥဒေနဲ့ ဖမ်းဆီးခံရသူ ၆၄ ဦး ရှိ

အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားလို့ဆိုကာစက်တင်ဘာ ၃၀ ရက်အထိ ပြည်သူ ၆၄ ဦးကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူထားတယ်လို့ပြည်ထဲရေးဝန်ကြီးထွန်းထွန်းနောင် ကပြောပါတယ်။

ရွေးကောက်ပွဲကာလအလိုက် လုံခြုံရေးကျိုးပေါက် မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်း ရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုစစ်တပ်၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပေါင်းစပ်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားဖို့လည်းသူကဆိုပါတယ်။

စစ်ကောင်စီကရွေးကောက်ပွဲကို ဒီဇင်ဘာလ၂၈ရက် ကစပြုလုပ်မှာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာ ၆ပါတီအပါ စုစုပေါင်း၅၇ပါတီဝင်ပြိုင်မှာဖြစ်ပါတယ်။