ဒီနှစ် ငါးသလောက်ရာသီ ဖမ်းဆီးရမိနည်းပါး

“ငါးသလောက်ကို ဖမ်းဖို့ ပိုက်အရွယ်အစား သတ်မှတ်ချက်တွေ ရှိတယ်။ မျိုးချချိန် စက်တင်ဘာလကနေ နိုဝင်ဘာအတွင်း မဖမ်းရဘူး ။ ငါးသလောက် ဘေးမဲ့ဇုန်တွေ သတ်မှတ်ထားတယ် မဖမ်းရဘူး”

၃ ၊အောက်တိုဘာ

ဩဂုတ်လ အတွင်းကစတင်ပြီး ပြည်ပဈေးကွက်ဝင်(Export) ငါးသလောက် ဖမ်းဆီး ရရှိမှုမှာ အရင်နှစ်ကထက် သိသိသာသာ လျှော့နည်းခဲ့တာကို ပုသိမ်မြို့ ရေချို၊ရေငန် ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များအဖွဲ့  စာရင်းအချက်အလက်တွေအရ တွေ့ရပါတယ်။

ပြည်ပဈေးကွက်ဝင်(Export) ငါးသလောက်တွေဟာ ပြီးခဲ့နှစ်က ဩဂုတ်လ အတွင်းက ရန်ကုန် ဈေး ကွက် ကို ပိသာချိန် ၈ သောင်း ဝန်းကျင်တင်ပို့ နိုင်ခဲ့ပေမယ့်၊ဒီနှစ် ဩဂုတ်လ အတွင်းက ပိသာချိန်  ၆ သောင်း နီးပါသာ တင်ပို့ နိုင်ခဲ့ပြီး ဒေါ်လာဈေးကျသွားတာကြောင့် ရောင်းဝယ်ဈေးနှုန်းလည်း ကျသွား တယ်လို့ ပုသိမ်မြို့ ရှိ ရေချို၊ရေငန် ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များ အဖွဲ့ထံက သိရပါတယ်။

ဧရာဝတီတိုင်း အတွင်းကနေ ရန်ကုန်ဈေးကွက်ကို တင်ပို့နေတဲ့ ဟိုင်းကြီး၊ ငပုတော၊ ဖျာပုံ၊လပွတ္တာ၊ ဒေးဒရဲ နဲ့ ဘိုကလေး မြို့တွေက ငါးသလောက် တင်ပို့မှုကလည်း ပုသိမ်ဈေးကွက်ရဲ့ တင်ပို့မှုနဲ့ အလားတူ လျော့ကျခဲ့တယ်လို့ သိရပါတယ်။

“ဖမ်းဆီးရမိမှုနည်းတာက ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးနေတာရယ်၊ ဒီငါးကို (ငါးသလောက်)ဖမ်းခွင့်ပြုတဲ့ ဆွဲပိုက်သတ်မှတ်ချက်ရဲ့ ငါးအရွယ်ရောက်တာက တနှစ်ခြား လိုဖြစ်နေတာရယ်။ ပြောရရင် မနှစ်က အမိများခဲ့တယ်။ ဒီနှစ်ကတော့ သတ်မှတ်ပိုက်ထဲ မမိနိုင်တဲ့ အရွယ်တွေပဲ ရှိတာဆိုတော့ အ မိနည်းတာပေါ့ ။ ငါးသလောက်တွေမိတာ အနည်းအများက တနှစ်ခြား စီဖြစ်တဲ့ သဘာဝတရားပါ” လို့ ငါးသလောက် ဆွဲပိုက် လုပ်သက် နှစ် ၃၀ ရှိ ရေလုပ်သား တဦးက ကိုပြောပါတယ်။

ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားမှူးဟောင်းရဲ့ ရှင်းပြချက်အရ ငါးသလောက်ဟာ ရေချိုမှာသားပေါက်ပြီး ရေငန်နေမျိုးစိတ် ရေပေါ်ရေလွှာနေ ငါးမျိုးစိတ် ဖြစ်ပါတယ်။ ရေချိုရေငန်စပ် မြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်တွေအတွင်းနဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာသာ ကျက်စားကာ ရာသီဥတု အပေါ်မှာ မူတည်ပြီး နေရာဒေသ ရွေ့ပြောင်း ကျက်စားတဲ့ သဘာဝရှိတယ်လို့ သိရပါ တယ်။

ဒီအပြင် သာပေါင်းမြို့နယ် ငဝန်မြစ်အတွင်းက ငါးသလောက်မျိုးစိတ်တွေလို ဒေသအချို့က ငါးသ လောက် မျိုးစိတ်တွေ ပျောက်ကွယ်ရတာဟာ မြစ်ကမ်းပါးတွေမှာ တည်ထားတဲ့ စက်ရုံ၊အလုပ်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုး တွေကြောင့်လို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ငါးသလောက် ဖမ်းဆီးခွင့်စည်းကမ်း တွေကို မလိုက်နာတာရယ်ကြောင့်လည်း ငါးသလောက်မျိုးပွားမှု လျော့ကျလာပြီး ဖမ်းဆီးရရှိမှုတွေလည်း လျော့ကျလာနေတယ်လို့ သိရပါတယ်။

“ငါးသလောက်ကို ဖမ်းဖို့ ပိုက်အရွယ်အစား သတ်မှတ်ချက်တွေ ရှိတယ်။ မျိုးချချိန် စက်တင်ဘာလကနေ နိုဝင်ဘာအတွင်း မဖမ်းရဘူး ။ ငါးသလောက် ဘေးမဲ့ဇုန်တွေ သတ်မှတ်ထားတယ် မဖမ်းရဘူး။ဒါပေမယ့် အများစုက နည်းအမျိုးမျိုးနဲ့ စည်းကမ်းချိုးဖေါက်ပြီး ဖမ်းကြတယ်။ ဈေးကွက်ဝင်ငါးဆိုတော့ တားဆီး အရေးယူရမယ့် တာဝန်ရှိသူတွေ ကိုယ်တိုင်က အဂတိလိုက်စားပြီး စည်းကမ်းချိုး ဖေါက်နေကြတယ်”လို့  သာပေါင်းဒေသခံ သဘာဝပါတ်ဝန်း ကျင် ထိမ်းသိမ်းရေး အဖွဲ့ဝင်တဦးက ထောက်ပြပါ တယ်။

၃၅ ကျပ်သား အရွယ်ရှိငါးသလောက်ဟာ ပြည်ပဈေးကွက်ဝင်(Export) ဖြစ်ပြီး အရွယ်အစား အလိုက်ပေါ်  မူတည်ပြီး ရောင်းဝယ်ဈေး ကွာဟပါတယ်။ ဒီနှစ် စက်တင်ဘာလမှာ ငါးသလောက် အကြီးအသေး ပျမ်းမျှပေါက်ဈေး တပိဿာ ၆ သောင်း ကျပ်ဖြစ်ကာ အလေးချိန် ၁၀ ကျပ်သား ပိုကြီးပါက ကျပ်နှစ်သောင်းပိုလာပြီး အမြင့်ဆုံး ဈေးနှုန်းက တပိသာ ၁သိန်း ၂သောင်း ကျပ်အထိ ရှိနေတာပါ။

လက်ရှိမှာ ဧရာဝတီတိုင်းက ထွက်တဲ့ ငါးသလောက်တွေကို ရန်ကုန်ဈေး ကွက်ကတဆင့် ထိုင်း ၊တရုတ် ၊စင်ကာပူ ၊ ဂျပန် နဲ့ ယူအေအီး နိုင်ငံတွေကို တင်ပို့ရောင်းချပါတယ်။ ဥရောပ နိုင်ငံတွေကို တင်ပို့ရာမှာတော့ မြန်မာနိုင်ငံထွက် ကုန်ပစ္စည်းတွေကို ပိတ်ပင်တားမြစ် ခံထားရတဲ့အတွက်  ဘင်္ဂလားဒေ့ချ် နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့  ကုန်အမှတ်တံဆိပ်နဲ့ အဲ့ဒီနိုင်ငံတွေက တဆင့် တင်ပို့ရတဲ့ အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာကို ငါးသလောက်တင်ပို့ ရောင်းချနေတဲ့ ထိပ်တန်း ၁၁ နိုင်ငံ ရှိတဲ့ အနက် ကမ္ဘာ့ ငါးသလောက် ထုတ်လုပ်မှုရဲ့ ၆၈ ရာခိုင်နှုန်းနဲ့ ဘင်္ဂလားဒေ့ချ် နိုင်ငံက အဆင့်တစ် ၊ အိန္ဒိယနိုင်ငံက ၂၅  ရာခိုင်နှုန်းနဲ့  အဆင့်နှစ် ဖြစ်ပြီး မြန်မာနိုင်ငံက ၃ ရာခိုင်နှုန်း နဲ့ အဆင့်သုံးဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှတ်တမ်းတွေ အရသိရပါတယ်။