“အမှုမှာ မျက်မြင်သက်သေရှိပေမယ့် သူက တရားမဝင်လာတာမို့ ထုတ်ပြောလို့မရဘူး။ တရားဝင်လာတဲ့ သေသူရဲ့ ညီဖြစ်သူကျတော့လည်း လူသေမှဆေးရုံရောက်လာလို့ဆိုပြီး မလေးဥပဒေအရ ၂ ပတ်အချုပ်ခန်းထဲထည့်ခံရတာနဲ့ အမှုကိစ္စတွေ လုပ်ရတာနဲ့ အခုမှ နာရေးကိုလုပ်ရတာပါ”
၄၊ အောက်တိုဘာလ။
မလေးရှားနိုင်ငံမှာ ရန်ဖြစ်ရင်း သေဆုံးသွားခဲ့တဲ့ ဧရာဝတီတိုင်း၊ ဖျာပုံက ကိုငွေထွန်းကို ၂၄ ရက်အကြာမှ နာရေးချခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ခဲ့သလို ကျူးလွန်သူကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက DNA ကိုပြောပါတယ်။
ကိုငွေထွန်းဟာ အလုပ်လုပ်ကိုင်ဖို့ မလေးရှားနိုင်ငံကိုရောက်ရှိနေတာ ၃ လဝန်းကျင်ပဲရှိပါသေးတယ်။ အသက် ၄၀ ကျော်နေပြီဖြစ်တာကြောင့် ရုတ်တရက် အလုပ်မရသေးတာကြောင့် တရွာတည်းသားတွေ အလုပ်လုပ်ကိုင်နေကြတဲ့ စက်ရုံကို အလည်သွားရင်း စက်တင်ဘာ ၆ ရက်နေ့မှာ သေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှသာ နာရေးချနိုင်ခဲ့တာဖြစ်ပါတယ်။
“ အမှုမှာ မျက်မြင်သက်သေရှိပေမယ့် သူက တရားမဝင်လာတာမို့ ထုတ်ပြောလို့မရဘူး။ တရားဝင်လာတဲ့ သေသူရဲ့ ညီဖြစ်သူကျတော့လည်း လူသေမှဆေးရုံရောက်လာလို့ဆိုပြီး မလေးဥပဒေအရ ၂ ပတ်အချုပ်ခန်းထဲထည့်ခံရတာနဲ့ အမှုကိစ္စတွေ လုပ်ရတာနဲ့ အခုမှ နာရေးကိုလုပ်ရတာပါ ” လို့ အမှုကို ကူညီဆောင်ရွက်ပေးနေသူ တဦးက ရှင်းပြပါတယ်။
အမှုဖြစ်စဉ်အရ ကိုငွေထွန်းနဲ့ ကိုကျော်မိုးသွင် (ခ) ကိုမိုးကြီးဟာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ သပြေကန်ကျေးရွာသားတွေ ဖြစ်ကြပြီး ကိုငွေထွန်းက အရက်မူးလာချိန်မှာ ကိုကျော်မိုးသွင်ဟာ တရွာတည်းသားချင်းတွေအပေါ် လုပ်ငန်းခွင်ဆိုင်ရာ အနိုင်ကျင့်ခေါင်းပုံဖြတ်တယ်လို့ ပြောဆိုမှုတွေ ပြုလုပ်တာကြောင့် ရန်ဖြစ်ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ တကယ်လည်း သူက (ကိုမိုးကြီး) အဲ့လိုတွေလုပ်တယ်။ သူက ဒီကိုရောက်နေတာကြာပြီ ဒီစက်ရုံမှာ သူကခေါင်းပေါ့ (ခေါင်းဆောင်) အဲ့တော့ လစာမပေးတာတွေ ငွေဖြတ်တာတွေ လုပ်တာတွေရှိတယ်။ ရန်ဖြစ်ကြတော့ ကိုငွေထွန်းက မူးနေတော့ ပြန်တောင်မထိုးနိုင်ဘူး။ အဲ့ဒါကို ခေါင်းကိုတုတ်နဲ့ နှစ်ချက်ရိုက်ပြီး ထွက်ပြေးသွားတာ ” လို့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူက ပြောပါတယ်။
ကိုငွေထွန်းဟာ ဆေးရုံကိုပို့ဆောင်နေစဥ်အတွင်းမှာ သေဆုံးခဲ့တာဖြစ်ပြီး မျက်မြင်သက်သေတွေက သက်သေ မထွက်ဆိုနိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် မလေးရှား အာဏာပိုင်တွေက ဆေးရုံကိုပို့ဆောင်လာတဲ့ ညီဖြစ်သူကို သံသယမှုနဲ့ ချုပ်ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကိုကျော်မိုးသွင်(ခ) ကိုမိုးကြီးကို မလေးရှားနိုင်ငံမှာ အမှုဖွင့်ထားပြီး မြန်မာနိုင်ငံမှာပါ အမှုဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။
မလေးရှား ရဲတပ်ဖွဲ့ဘက်က ကျူးလွန်သူကို ဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့ ကာယကံရှင်တွေကို အကြောင်းပြန်ထားပေမယ့် ကျူးလွန်သူဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်တိမ်းရှောင်နေပြီဖြစ်တယ်လို့ မိသားစုဝင်တွေက ယုံကြည်ထားကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာပါ အမှုဖွင့်နိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။
ကိုကျော်မိုးသွင်(ခ) ကိုမိုးကြီး အသုံးပြုတဲ့ TikTok အကောင့်ဟာ စက်တင်ဘာ ၂၄ ရက်နေ့ထိ အသုံးပြုထားပုံရပြီး DNA ရဲ့ ဆက်သွယ်မှုကို တစုံတရာ အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။
ကိုငွေထွန်းဟာ ကလေး ၄ ဦးရဲ့ ဖခင်ဖြစ်ပြီး ဇနီးဖြစ်သူနဲ့ ကလေးတွေဟာ ဖျာပုံမြို့၊ သပြေကန်ကျေးရွာမှာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။