ဂါဇာကို ဗုံးကြဲမှု ‘ချက်ချင်းရပ်ဖို့ အစ္စရေးကို ဒေါ်နယ်ထရမ့် အမိန့်ပေး၊ ဟားမတ်စ်က ဓားစာခံတွေ လွှတ်ပေးဖို့ သဘောတူ

“ဓားစာခံတွေကို လုံခြုံစွာနဲ့ အမြန်ဆုံး ထုတ်ယူနိုင်ဖို့အတွက် အစ္စရေးဟာ ဂါဇာကို ဗုံးကြဲတာကို ချက်ချင်း ရပ်ရပါမယ်။” လို့ ထရမ့်က ဖော်ပြခဲ့ပါတယ်။

၄ ၊ အောက်တိုဘာ

နှစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ နောက်ဆုံးအကြိမ် သတိပေးချက်ကို ဟားမက်စ်အဖွဲ့က  လက်ခံလိုက်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို ဂါဇာမှာ ဗုံးကြဲနေတာတွေ ချက်ချင်းရပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

သမ္မတထရမ့်တောင်းဆိုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့အညီ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံးကို  ပြန်လွှတ်ပေးပြီး ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲလှယ်ဖို့အပြင် ဂါဇာကမ်းမြောင်ဒေသရဲ့ အုပ်ချုပ်ရေးအာဏာကိုလည်း စွန့်လွှတ်ဖို့ ဟားမက်စ်အဖွဲ့က သဘောတူခဲ့တယ်လို့ သိရပါတယ်။

ထရမ့်က Truth Social မှာ “ဟားမတ်စ်က အခုပဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ၊ သူတို့ဟာ ရေရှည်ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ရေးသားခဲ့ပါတယ်။

“ဓားစာခံတွေကို လုံခြုံစွာနဲ့ အမြန်ဆုံး ထုတ်ယူနိုင်ဖို့အတွက် အစ္စရေးဟာ ဂါဇာကို ဗုံးကြဲတာကို ချက်ချင်း ရပ်ရပါမယ်။” လို့ ဖော်ပြခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းက အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့တဲ့ ထရမ့်ရဲ့ အစီအစဉ်ထဲမှာ ဂါဇာမှာ စစ်ပွဲတွေကို ချက်ချင်းရပ်ဖို့ ၊ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းရာပေါင်းများနဲ့ လဲလှယ်ပြီး ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစားခံတွေအားလုံးကို ၇၂နာရီအတွင်း ပြန်လွှတ်ပေးဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပါလက်စတိုင်းနယ်မြေအတွင်း ဟားမက်စ်အဖွဲ့က ထိန်းသိမ်းထားတဲ့ ဓားစာခံ ၄၈ ဦးရှိပြီး အဲဒီထဲက ၂၀သာ အသက်ရှင်လျက်ရှိတယ်လို့  ယူဆရပါတယ်။

အချက် ၂၀ ပါဝင်တဲ့ အဆိုပြုချက်တွေထဲမှာ ညှိနှိုင်းဖို့ကျန်နေသေးတဲ့ အချက်တွေလည်း ရှိနေပါသေးတယ် ။ အထင်ရှားဆုံးကတော့ ဟားမက်စ်အဖွဲ့ကို လက်နက်စွန့်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေသခံတွေရဲ့အဆိုအရ ဗုံးကြဲတာတွေ ရပ်ဖို့ အစ္စရေးကို ထရမ့်က အမိန့်ပေးခဲ့ပေမယ့် အစ္စရေးတင့်ကားတွေဟာ ဂါဇာမြို့လယ်က လမ်းမကြီးကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟားမက်စ်အဖွဲ့က ဓားစာခံတွေအကုန်လွှတ်ပေးဖို့ သဘောတူညီကြောင်း ကြေညာပြီး နာရီပိုင်းအကြာမှာပဲ  အစ္စရေးစစ်လေယာဉ်တွေဟာလည်း ဂါဇာမြို့ပေါ်ကို အကြီးအကျယ်ဗုံးကြဲခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်၊

ဂါဇာကျန်းမာရေးအာဏာပိုင်တွေရဲ့ အဆိုအရ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်း အနည်းဆုံး ၆၆,၂၈၈ ဦး သေဆုံးခဲ့ပြီး ၁၇၀,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ရာ အများစုမှာ အရပ်သားတွေ ဖြစ်ကြပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက အစ္စရေးဟာ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချထားပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကတော့ မိမိတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက် လုပ်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေက အစ္စရေးရဲ့ လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ပြီး  ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးခဲ့ဖြစ်စဉ်ပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးအစိုးရဘက်က တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။

Ref – theguardian