ပုသိမ်မှာ ယာဉ် ၆ စီးကိုဆင့် တိုက်မှု ထိရောက်တဲ့ အရေးယူမှု လိုအပ်

“ဒရိုင်ဘာကို အမှုဖွင့်ထားတယ် ကားကိုရုံးက သိမ်း ထားတယ် ဆိုပေမယ့် ဒရိုင်ဘာက အာမခံနဲ့ အပြင် မှာ အလုပ်အကိုင် မပျက်ဘူး၊အုံနာ(ပိုင်ရှင်)ကလည်းနစ်နာသူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေအပေါ် ဆေးဝါးစောင့်ရှောက်မှု မပြောနဲ့ တောင်းပန် စကားလေးတောင် မပြောဘူး အတိုက်ခံရတဲ့ကားတွေ လည်းပျက်စီးသွားတယ် တာဝန်ရှိတဲ့သူတွေ အားလုံးကို အရေးယူသင့်တယ်”လို့ နစ်နာသူတဦးက DNA ကိုပြောပါတယ်။

၂၆ ၊ စက်တင်ဘာ။

ပုသိမ်မြို့ အမှတ် ၁၅ ရပ်ကွက် မြို့အဝင် အဝေးပြေးလမ်းမကြီးဘေးရှိ PEC ကိုယ်ပိုင်ကျောင်းရှေ့ မှာ စက်တင်ဘာ ဒုတိယပတ်အတွင်းကဖြစ်ပွားခဲ့တဲ့ယာဉ်၆ စီးကို ဆင့်တိုက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင် ရာ တာဝန်ရှိသူတွေကို ထိရောက်တဲ့ အရေးယူမှု တွေလုပ်ဖို့ လိုအပ်နေတယ်လို့ နစ်နာသူတွေကပြောပါတယ်။

ရန်ကုန်မြို့ကနေ ချောင်းသာကမ်းခြေကို ပြေးဆွဲတဲ့ ကြယ်နန်းတော် ခရီးသည်တင်ကားဟာ ရှေ့က ကုန်တင်ကားတစီးကို ဖြတ်ကျော်ရာက အရှိန်မထိန်းနိုင်ပဲ တဖက်ယာဉ်ကြောရဲ့ ပေ ၁၀၀ အကွာလမ်းနံဘေးရှိ PEC ကိုယ်ပိုင်စာသင်ကျောင်းရှေ့မှာ ရပ်ထားတဲ့ ကျောင်းကြိုကိုယ်ပိုင်ကား ၆ စီးကို ဆင့်တိုက်မိခဲ့တာပါ။

“ကားကမောင်းလာတာ အရှိန်ပြင်းတယ် ရှေ့ကကုန်ကားကို အတင်းကျော်တက်တာမှာ အရှိန်မထိန်းနိုင်ပဲ ရပ်ထားတဲ့ကားလေးတွေ တိုက်ချလိုက် တာ အတိုက်ခံရတဲ့ကားတွေထဲက လူတွေထိ ခိုက် ဒါဏ်ရာရတာတွေရှိတယ်၊ အချို့ဆေးရုံပို့ရတယ်၊ သေတာတော့ မရှိဘူး ခရီးသည်တွေထဲကလည်း ပြင်းထန် ဒါဏ်ရာရတာမျိုးမရှိဘူး” လို့ မျက်မြင် တွေ့ရှိတဦးကပြောပါတယ်။

လက်ရှိမှာ ယာဉ်မောင်းနဲ့ယာဉ်ပိုင်ရှင်(ယာဉ်) ကို ပုသိမ် ယာဉ်ထိန်းတပ်ဖွဲ့က အမှုဖွင့် ဆောင်ရွက်နေပေမယ့်ကျောင်းရှေ့ယာဉ်လမ်းကြောင်းရှင်းတဲ့ ယာဉ် ထိမ်းတပ်ဖွဲ့ ရဲ့ တာဝန်ပျက်ကွက်မှု၊ ကျောင်းတွင်း ကားပါကင်ရှိနေပါလျှက် ကျောင်းပြင်ပမှာ ကျောင်း ကြိုယာဉ်တွေ စည်းကမ်းမဲ့ ရပ်နားခွင့်ပြုတဲ့ PEC ကျောင်းက တာဝန်ရှိသူနဲ့ စည်းကမ်းမဲ့ယာဉ်ရပ်နား ထားသူတွေကိုလည်း အရေးယူမှုတွေလုပ်ဖို့ လိုအပ် နေတယ်လို့နစ်နာသူတွေကဆိုပါတယ်။

“ဒရိုင်ဘာကို အမှုဖွင့်ထားတယ် ကားကိုရုံးက သိမ်း ထားတယ် ဆိုပေမယ့် ဒရိုင်ဘာက အာမခံနဲ့ အပြင်မှာ အလုပ်အကိုင်မပျက်ဘူး၊အုံနာ(ပိုင်ရှင်) ကလည်းနစ်နာသူတွေနဲ့ ထိခိုက်ဒဏ်ရာတဲ့သူတွေအပေါ် ဆေးဝါးစောင့်ရှောက်မှု မပြောနဲ့ တောင်းပန်စကားလေးတောင် မပြောဘူး အတိုက်ခံရတဲ့ကားတွေလည်းပျက်စီးသွားတယ် တာဝန်ရှိတဲ့သူတွေအားလုံးကို အရေးယူသင့်တယ်” လို့ နစ်နာသူ တဦးကDNA ကိုပြောပါတယ်။လက်ရှိမှာကြယ်နန်းတော်ခရီးသည်တင်ယာဉ်မောင်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ၊ထိခိုက်နာကျင်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်တရားစွဲဆိုထားပြီး ကြယ်နန်းတော် ခရီးသည်တင်ယာဉ်ကိုတော့ သက်သေခံပစ္စည်းအဖြစ် တင်ပြဖို့ သိမ်းဆည်းထားတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ရုံးက သိရပါတယ်။

PECကိုယ်ပိုင်ကျောင်းရှေ့မှာကျောင်းတက်ကျောင်း ဆင်းချိန်တွေ ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့မှုတွေရှိပေမယ့် ယာဉ်ထိန်းတပ်ဖွဲ့နဲ့ ကျောင်းက တာဝန်ယူပြီး ယာဉ်ကြောရှင်းတာတွေ မရှိဘူးလို့ဒေသခံတွေဆီကသိရပါတယ်။

ဒါ့အပြင် တနာရီ မိုင် ၃၀ အထက် မောင်းနေကြတဲ့ အဝေးပြေးလမ်းမကြီးနံဘေးမှာ ကျောင်းတည်ရှိနေတာကလည်း အန္တရာယ်ရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

ပုသိမ်မြို့ရှိ ယာဉ်ထိမ်းတပ်ဖွဲ့ဝင်တွေဟာ အစိုးရကျောင်းတွေရဲ့ကျောင်းတက် ကျောင်းဆင်းချိန် တွေမှာ ကျောင်းကြိုယာဉ်တွေ စနစ်တကျရပ်ဖို့နဲ့ လမ်းဖြတ်ကူးတဲ့သူတွေ အန္တရာယ်မရှိဖို့ယာဉ်ကြောရှင်းလင်းပေးတာတွေကို ဆောင်ရွက်ပေးကြပေ မယ့် ပုဂ္ဂလိက စာသင်ကျောင်းတွေရှေ့မှာတော့ လုပ်ပေးတာ မရှိဘူးလို့ ပုသိမ်မြို့ခံတွေဆီကသိရပါ တယ်။