ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်နိုင်ချေရှိနေတဲ့ တိုင်ဖုန်းမုန်တိုင်း ဦးပေါင်(Opong) ရဲ့ သက်ရောက်နိုင်မှုတွေကိုလည်း ဆက်လက်စောင့်ကြည့်နေဖို့ လိုတယ်
၂၅၊ စက်တင်ဘာလ။
ဒီကနေ့ စက်တင်ဘာ ၂၅ ရက်ကစပြီး ဧရာဝတီတိုင်းရဲ့ ဒေသတချို့မှာ ရေဝပ် ရေလွှမ်းနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက တွက်ချက်ထားပါတယ်။
မိုးဇလပညာရှင် ဦးဝင်းနိုင်ကတော့ “ ဧရာဝတီတိုင်းအတွင်းမှ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ မြို့နယ်တွေမှာ သတိပေးချက်အဆင့် medium နဲ့ လယ်ကွင်းပြင်များရေပိတ်မိပြီး(Water logging) ရေလွှမ်းနိုင်တဲ့ သတိပေးခြင်းကိုလဲ တွေ့ရပါတယ်။ ဧရာဝတီမြစ်ရေမြင့်တက်လာနိုင်တာကြောင့် မြစ်နဲ့ချောင်း အငယ်များဖြစ်တဲ့ ငဝန်မြစ်၊ တိုးမြစ်၊ ဖျာပုံမြစ်တွေမှာလဲ ရေတိုးလာနိုင်ပါတယ် ” လို့ ပြောပါတယ်။
လက်ရှိ မိုးလေဝသအခြေအနေတွေကြောင့် မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျနိုင်ပြီး လှိုင်းကြီးနိုင်သလို ဧရာဝတီတိုင်းအတွင်းမှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေသလို တရုတ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA)ရဲ့ အရှိန်တွေကြောင့် ဒီသက်ရောက်မှု ရှိနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယခုဖြစ်စဉ်တွေကို စောင့်ကြည့်ခန့်မှန်းတွက်ချက်မှုတွေအရ စက်တင်ဘာ ၂၈ ရက်နောက်ပိုင်းမှာတော့ ရေပြန်ကျနိုင်တယ်ဆိုတဲ့ အခြေအနေရှိနိုင်ပေမယ့် ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်နိုင်ချေရှိနေတဲ့ တိုင်ဖုန်းမုန်တိုင်း ဦးပေါင်(Opong) ရဲ့ သက်ရောက်နိုင်မှုတွေကိုလည်း ဆက်လက်စောင့်ကြည့်နေဖို့ လိုတယ်လို့ မိုးဇလ ပညာရှင်တွေက ဆိုပါတယ်။