
“ပုံစံ ၇ မရှိပဲနဲ့တော့ တောင်သူတွေကို ဘယ်သူမှ ငွေချေးမှာ မဟုတ်ဘူး ၊ အတိုးကြီးပေးချေးပြီး စပါးနဲ့ပေးလုပ်ကြရတယ်။အချိန်အခါက ရေကျနောက်စပါးစိုက်ဖို့ အချိန်ရောက်နေပြီ။ နွမ်းပါးတဲ့ တောင်သူတွေ အနေနဲ့ ဘဏ်ချေးငွေမရရင် ဒီနှစ်စပါးစိုက်ဖို့ အတော်မလွယ်ဘူး ”
၂၃၊စက်တင်ဘာ။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကနေ စိုက်ပျိုးစရိတ်ချေးငွေနဲ့ လယ်ယာမြေ လုပ်ကိုင်ပိုင်ဆိုင်ခွင့် ပုံစံ(၇) ထုတ်မပေးလို့ ရေကျနောက် စပါးစိုက်တဲ့ တောင်သူတွေ အခက်တွေ့ နေရပါတယ်။
“ခေတ်အဆက်ဆက်က အမည်ပေါက်တောင်သူရော၊ ကိုယ်စားလှယ် တောင်သူရော ဘဏ်ချေးငွေ ထုတ်ပေးခဲ့ပါတယ်။ မနှစ်ကလည်းထုတ်ပေးတယ်။ ဒီနှစ်၂၀၂၅ ရေကျနောက် စပါးစိုက်တာမှာကိုယ်စား လှယ် တောင်သူတွေကို ဘဏ်ချေးငွေ မထုတ်ပေးတဲ့အပြင် ပုံစံ(၇) ကိုလည်း ပြန်ထုတ်မပေးပဲ မန်နေဂျာက ယူထားတယ် “ လို့ သာပေါင်းမြို့နယ် ဒေသခံ တောင်သူ တဦး က DNA ကိုပြောပါတယ်။

သာပေါင်းမြို့နယ်က မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဆိုသူက အမည်ပေါက် တောင်သူကိုသာ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးပြီး လယ်ပိုင်ရှင်က သူ့ကိုယ်စား စိုက်ပျိုးခွင့်ပေးခံရတဲ့ တောင်သူ(ကိုယ်စားလှယ်)တွေကို စိုက်ပျိုးစရိတ် ချေးငွေ ထုတ်မပေးတာပါ။
ဒါ့အပြင် လယ်ပိုင်ရှင်က သူ့ကိုယ်စား စိုက်ပျိုးခွင့် ပေးခံရတဲ့ တောင်သူ (ကိုယ်စားလှယ်) က မြန်မာလယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲကို အာမခံ (အပေါင်) အဖြစ် တင်သွင်းအပ်နှံရတဲ့ ပုံစံ(၇) လယ်ယာမြေ လုပ်ကိုင်ပိုင်ဆိုင်ခွင့် လက်မှတ်ကိုလည်း မန်နေဂျာက ပြန်လည်ထုတ်မပေးဘူးလို့ သိရပါတယ်။
သာပေါင်းမြို့နယ်အတွင်းက ရေကျနောက်စပါးစိုက်ပျိုးတဲ့တောင်သူ၆၀ရာခိုင်နှုန်းနီးပါးကိုစိုက်ပျိုး စရိတ်ချေးငွေနဲ့ ပုံစံ(၇) ထုတ်မပေးတာကြောင့် ရေကျနောက် စပါးစိုက်ပျိုးဖို့ မျိုးစပါး ပိုးသတ် ဆေး၊ပေါင်းသတ်ဆေး၊ အထွက်တိုးဆေး စတဲ့ သွင်းအားစုတွေ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် အခက်အခဲ ဖြစ်နေရပါတယ်။

တောင်သူတွေ အနေနဲ့ ဘဏ်ချေးငွေ မရရှိပေမယ့် ၊ပုံစံ(၇) ရရှိပါက ပြင်ပငွေချေးသူတွေ နဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ ပုံစံ(၇) လယ်ယာမြေလုပ်ကိုင်ပိုင်ဆိုင်
ခွင့် လက်မှတ်ကို အာမခံ (အပေါင်) ထားပြီး ငွေချေးယူကာ ရေကျနောက်စပါး စိုက်ပျိုးနိုင်ကြမှာပါ။
“ပုံစံ ၇ မရှိပဲနဲ့တော့ တောင်သူတွေကို ဘယ်သူမှ ငွေချေးမှာ မဟုတ်ဘူး ၊ အတိုးကြီးပေးချေးပြီး စပါးနဲ့ပေးလုပ်ကြရတယ်။ အချိန်အခါက ရေကျနောက်စပါး စိုက်ဖို့ အချိန်ရောက်နေပြီ။ နွမ်းပါးတဲ့ တောင်သူတွေ အနေနဲ့ ဘဏ်ချေးငွေမရရင် ဒီနှစ်စပါးစိုက်ဖို့ အတော်မလွယ်ဘူး ” လို့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ တဦးက မှတ်ချက်ပေးပါတယ်။
စက်တင်ဘာ ၂၀ ရက် နေ့က စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ဖို့ ကျန်နေတဲ့ တောင်သူတွေကို သာပေါင်းမြိ့နယ်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေညဂျာ ဦးဇင်မင်းထိုက်က သာပေါင်းမြို့၊ ပြည်တော် အေးခန်းမဆီကို ဆင့်ခေါ်ပြီး ကြွေးမဆပ်ရင် ဖမ်း ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သာပေါင်းမြို့ နယ်ရှိ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသ နေထိုင်သူတွေ ဖြစ်ကြပြီး၊လယ်ယာလုပ်ငန်းငါးဖမ်းလုပ်ငန်း နဲ့ သစ်လုပ်ငန်း လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။ လယ်မြေ အများစုဟာ ရေမြုပ်ကွင်းတွေ ဖြစ်ကြပြီး မိုးအကုန် မြစ်ရေကျချိန်မှာ ရေကျနောက် စပါးကို စိုက်ပျိုးကြပါတယ်။