မြောင်းမြမြို့နယ်မှာ အမျိုးသမီးတစ်ဦး ဓားခုတ်ခံရ

“ခုတ်တဲ့ကောင်က ရွာထဲမှာ သူများကြက်တွေလိုက် ပစ်ဖမ်းတာ ၊ သူများဝါးတွေ မပြောဘဲခုတ်တာတွေ လုပ်တယ်။ အခုလည်း ဝါးဝင်ခုတ်တော့ ကောင်မ လေး (အခုတ်ခံရသူ) က ဘာပြောလိုက်တယ်မသိဘူး။ ဓားနဲ့ခုတ်တလို့ ဒေသခံက ပြောပါတယ်။

၂၂၊စက်တင်ဘာလ။

ဧရာဝတီတိုင်း ၊ မြောင်းမြမြို့နယ် ၊ သာယာကုန်းကျေးရွာမှာ စက်တင်ဘာလ ၁၆ ရက်ကအမျိုးသမီး တဦး မြက်ခုတ်ဓားနဲ့ အခုတ်ခံခဲ့ရလို့ လက်ရှိအချိန် မှာ မြောင်းမြဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြက်ခုတ်ဓားနဲ့ အခုတ်ခံရတဲ့ အမျိုးသမီးဟာအသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီးတော့ မြက်ခုတ် ဓားနဲ့ ခုတ်သူက တရွာတည်းနေထိုင်တဲ့ အမျိုးသားတဦးဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။ “အဲဒီကောင်က (ခုတ်သူ) ပုသိမ်မှာ ဓားထိုးမှုနဲ့ ထောင်ကျဖူးတယ်။ သူကရွာထဲမှာ ထောင်ထွက်ဆိုပြီး လူမိုက်အထာ လုပ်နေတာ”လို့ သူကဆက်ပြောပါတယ်။

မြက်ခုတ်ဓားနဲ့ အခုတ်ခံရတဲ့ အမျိုးသမီးဟာ ဘယ် ဘက်လက် ပျက်လုနီးပါးအထိ အခုတ်ခံခဲ့ရတဲ့အပြင် နောက်စေ့ဦးခေါင်းမှာလည်း တချက်အခုတ် ခံထားရပါတယ်။ ဒါ့ပြင် မေးစေ့မှာလည်း ဓားနဲ့အခုတ်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

“ခုတ်တဲ့ကောင်က ရွာထဲမှာ သူများကြက်တွေလိုက် ပစ်ဖမ်းတာ ၊ သူများဝါးတွေ မပြောဘဲခုတ်တာတွေ လုပ်တယ်။ အခုလည်း ဝါးဝင်ခုတ်တော့ ကောင်မ လေး (အခုတ်ခံရသူ) က ဘာပြောလိုက်တယ်မသိဘူး။ ဓားနဲ့ခုတ်တာ”လို့ ဒေသခံက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မြကိခုတ်ဓားနဲ့ခုတ်သူကို ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မြက်ခုတ်ဓားနဲ့ အခုတ်ခံရတဲ့အမျိုးသမီးကတော့ မြောင်းမြဆေးရုံကြီးမှာ ဆက်လက်ကုသနေဆဲပဲလို့ ဒေသခံကပြောပါတယ်။

“မြောင်းမြက ကူညီကယ်ဆယ်ရေးအသင်းတခုကို ဖုန်းဆက်လိုက်တာ။ သွေးထွက်လွန်နေတော့ ကူညီ ရေးအသင်းက သွေးသွင်းပေးပြီး မြောင်းမြဆေးရုံကို သယ်သွားတာ”လို့ မျက်မြင်တွေ့ရှိသူက ပြောပါ တယ်။