“ရှင်ရေးလည်း ငွေကုန် ၊သေရေးမှာလည်း ငွေကုန်ရတဲ့ခေတ်ဗျ အိုဂျီနဲ့ မအပ်ထားတဲ့ မွေးလူနာဆို မျက်နှာငယ်ရတယ်၊ လက်ထောက်ဆရာဝန်တွေနဲ့မွေးရတယ် ဂရုစိုက်တာ ကွာတယ်”လို့ မွေးဖွားလူနာရှင်တဦးက DNA ကိုပြောပါတယ်။
၁၉၊ စက်တင်ဘာလ။
ဧရာဝတီတိုင်း ပုသိမ်မြို့ကုတင် ၅၀၀ဆန့် ဆေးရုံမှာ ဆေးကုသ စရိတ်တင်မက အထွေထွေ ဝန်ဆောင် မှုတွေ မှာလည်း ဆေးရုံဝန်ထမ်းတွေက ငွေကြေး အဆမတန်တောင်းခံနေလို့လူနာနဲ့လူနာရှင်တွေ အခက်တွေ့နေရပါတယ်။
ဆေးရုံက ဆေးဝါးအသုံးပြုခ ၊ လူနာသယ်ပို့၊ သွေးစစ်၊ ဆီးစစ် ၊ ဝမ်းစစ်၊ ဓါတ်မှန်ရိုက်၊ မွေးလူနာ ခွဲစိပ်ခ၊ မွေးဖွားခ ၊ အိုဂျီ ဆရာဝန်ကြည့်ရှုခ၊ ခွဲစိပ်ခန်း ဝတ်စုံ သန့်စင်ခ၊ဝှီးချဲ အသုံးပြုခ တို့သာ မက သေဆုံးလူနာ ရေခဲတိုက်ပို့ဆောင်ခတို့ကိုပါ အဆမတန် တောင်းနေကြတာပါ။
လူနာသယ်ပို့၊ သွေးစစ်၊ဆီးစစ် ၊ဝမ်းစစ်၊ ဓါတ်မှန်ရိုက်၊ ခွဲစိပ်ခန်း ဝတ်စုံ သန့်စင်ခနဲ့ဝှီးချဲအသုံးပြုခတို့ အတွက် ကျပ် ၂၀၀၀၀ ကျော်ပေးရပြီး သေဆုံးလူနာကို ဆေးရုံဝန်းအတွင်းရှိ ရေခဲတိုက်(အအေးခန်း)ကို ပို့ဆောင်ခ ကျပ် ၄၀၀၀၀ ပေးရပါတယ်။
“လူနာကိုသက်ဆိုင်တဲ့ နေရာပို့တာမှာ ကိုယ်ဖါသာ ပို့မယ်ဆိုရင် ဝှီးချဲတို့ထမ်းစင်တို့ ထုတ်မပေးဘူး လူနာရှင်တွေကက ဝိုင်းဝန်းပြီး ချီပိုးပို့ရတယ်၊ဆေးရုံကဝန်ထမ်းတွေကို အလုပ်အပ်သလိုအပ်မှ ဝှီးချဲတို့ ထမ်းစင်တို့ထုတ်ပေးတယ် ပြီးတော့ ပို့ခတောင်းရော သေသွားတဲ့သူကို အအေးခန်းပို့တာကတော့ ကာယကံရှင်တွေအနေနဲ့ လုံးဝပို့ခွင့်မရလို့ ပို့ခပေးပြီး ပို့ရတယ်” လို့ လူနာရှင်တဦးက DNA ကိုပြောပါတယ်။
ဒါ့အပြင် သေဆုံးပြီးသူကို ရင်ခွဲအနံ့မထွက်အောင် ဆေးထည့်ပြန် ချုပ်တာတွေမှာလည်း အခကြေးငွေ အများအပြားပေးရပြီး အနံ့ မထွက်ဆေး အသုံးပြုတာမှာမူတည်ပြီး ကျပ်တသိန်းခွဲလောက်ထပ်ပေးရတဲ့ အတွက် ဆေးကုသလို့ အသက်မရှင်ဘဲ ဆေးဖိုး ကုသစရိတ်တွေ ကုန်ကျတဲ့အပြင် သေဆုံးပြီးကာမှ ကျပ်နှစ်သိန်းနီးပါးထပ်ပြီး ကုန်ကျနေရတာဖြစ်ပါတယ်။
ပုသိမ်မြို့ ကုတင် ၅၀၀ ဆန့် ဆေးရုံကြီးကို တက် ရောက်ကုသတဲ့ထိခိုက်ဖျားနာ လူနာအများစုဟာ အခမဲ့ ဆေးကုသခွင့်မရရှိဘဲသောက်ဆေး ထိုးဆေး အားလုံးကို ဆေးရုံက တာဝန်ကျဆရာဝန် လမ်းညွှန် တဲ့ ပြင်ပဆေးဆိုင်မှာ ဝယ်ယူကုသနေရတာပါ။
“ရှင်ရေးလည်း ငွေကုန် ၊သေရေးမှာလည်း ငွေကုန်ရတဲ့ခေတ်ဗျ အိုဂျီနဲ့ မအပ်ထားတဲ့ မွေးလူနာဆို မျက်နှာငယ်ရတယ်၊ လက်ထောက်ဆရာဝန်တွေနဲ့မွေးရတယ် ဂရုစိုက်တာ ကွာတယ်”လို့ မွေးဖွားလူနာရှင်တဦးက DNA ကိုပြောပါတယ်။
ဆေးရုံတက်လာတဲ့ ထိခိုက်ဖျားနာ မွေးလူနာတွေ အနက် အထူးကုနဲ့ အိုဂျီ အပ်ထားတဲ့သူ မအပ်ထားတဲ့သူတို့ကို ဆေးရုံရှိ အောက်ခြေသန့်ရှင်းရေး ဝန်ထမ်း မှအစ ဆေးရုံအုပ်ကြီးအဆုံးခွဲခြားဆက်ဆံ မှုတွေ ရှိနေတာပါ။
ပုသိမ်ဆေးရုံကြီးမှာ မွေးဖွားလူနာတွေအနေနဲ့ အိုဂျီ မအပ်ဘဲ သာမန်ဆေးရုံတက် မွေးဖွားရင်ဆေးဝယ်ယူရတာ အပါအဝင် ကျပ် ၅သိန်းဝန်းကျင် ကုန်ကျပြီး အိုဂျီအပ်ကာ ခွဲစိပ်မွေးဖွားရပါက ကျပ် သိန်း ၂၀ ဝန်းကျင်ကုန်ကျပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ဆေးရုံတွေမှာ အခမဲ့ဆေးကုသပေးဖို့အတွက် ဆေးဝါးတွေကို ခွဲတန်းနဲ့ ထုတ်ပေးထားပေမယ့် ပုသိမ်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးရဲ့ တာဝန်ရှိသူက သက်တမ်းကုန်ခါနီးဆေးတွေနဲ့ လူနာအနည်းငယ်ကို စရိတ်မျှပေး ကျန်းမာရေးအစီအစဉ် နဲ့ ကုသပေးပါတယ်။
သက်တမ်းရှိသေးတဲ့ ဆေးတွေကိုတော့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့ တာဝန်ရှိ ဆရာဝန်ကြီးတဦးနဲ့ ဇနီးဖြစ်သူ သူနာပြုတဦးတို့က ပြင်ပမှာဆေးအမျိုးမျိုး အရောင်းဆိုင်ဖွင့်ပြီး ပြန်ရောင်းချတဲ့ သတင်းထွက်ပေါ်တာကြောင့် သက် ဆိုင်ရာက စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် အရေး ယူဆောင်ရွက်တာမျိုးတော့ မရှိသေးပါဘူး။