
“တရားမျှတမှု မရှိဘူး ၊ ဒါပေမယ့် ကိုယ့်မြို့လာလှူမယ့် အလှူရှင် စိတ်မကောင်း ဖြစ်မှာစိုးလို့ တိတ်နေကြရတာ။ကျောင်းတွေမှာ သူတို့ပဲ လာလှူသလို မျက်နှာပြောင်တိုက် လုပ်နေတာ”လို့ ပြည်သူ့ပါတီ ပါတီဝင်တဦးက မှတ်ချက်ပေးပါတယ်။
၁၈၊စက်တင်ဘာလ။
ဧရာဝတီတိုင်း၊ဟင်္သာတမြို့အတွက် အလှူရှင်မိသားတစုက ဂျပန်စက်ဘီး ၇၀၀ ကျော် လှူဒါန်းတဲ့အခမ်းအနားမှာ ပါတီယူနီဖေါင်း အပြည့်အစုံနဲ့ ကြံခိုင်ရေးပါတီ လူကြီးတွေက မဖိတ်ခေါ်ပဲ ရောက်လာခဲ့ကြပြီး ကျောင်းသားတွေကို စက်ဘီးတွေ ပေးအပ်ပြီးမှတ်တမ်းတင် ဓါတ်ပုံရိုက်တာ ၊ ကလေးတွေကို အမှတ်တရ စကားပြောတာ ၊ ကြံခိုင်ရေးပါတီ ဌာနချုပ်ကို သတင်းပို့တာတွေ လုပ်ခဲ့တဲ့အတွက် ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
“သူတို့တွေက သတင်းရလို့ ကြိုတင်စီစဉ်ပြီး ဘုံကျောင်းရှေ့က အလက ၃ မှာ ကလေးတွေကို ဆန်ပြုတ်တိုက်ပြီး လမ်းကြုံလို့ ဝင်လာသလို ဖန်တီးခဲ့တာ။ အမှန်က ခရိုင်နဲ့ မြို့နယ်ပါတီ ဥက္ကဌတွေက ပါတီဝင် ၂၀ လောက်နဲ့ စက်ဘီးလှူတဲ့နေရာကို ပါတီယူနီဖေါင်းတွေနဲ့ မပြောမဆို ဝင်လာကြတာ”လို့ ဟင်္သာတမြို့ခံတဦးက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

စက်ဘီး အလှူရှင်တွေက လက်တလော ပြည်ပမှာ အခြေချနေထိုင်နေပြီး ဟင်္သာတမြို့မှာ နေထိုင်ခဲ့ဖူးကြတဲ့ ဦးမြင့်လွင်၊ဒေါ်ခင်သန်းမြင့် မိသားစုဖြစ်ပါတယ်။ ဟင်္သာတဒေသကို အကျိုးပြုဖို့အတွက် အခုလို စက်ဘီး ၇၀၀ ကျော်ကို လှူတန်းခဲ့တာလို့ သိရပါတယ်။ဟင်္သာတမြို့နယ်နဲ့ မြို့ပေါ်ကျောင်းတွေမှာ တက်ရောက်နေပြီး ကျောင်းနဲ့ နေအိမ်ဝေးကွာကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို စာရင်းပြုစုပြီး ဟင်္သာတမြို့ တရုတ်ဘုံကျောင်းမှာ စက်ဘီးတွေကို ပေးအပ်လှူတန်းခဲ့တာပါ။ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကုန်း၊မန်းကုန်း၊ရွာသစ်တောင်၊ကြွက်ကျွန်း၊လက်ပံလှ၊ဝဲကြီးကျေးရွာကျောင်းတွေနဲ့ မြို့ပေါ် အထက ၁၊၂၊၃၊၄၊၅၊၆ အလက ၂၊၃၊၄၊၆ ကျောင်းသူ၊ကျောင်းသားတွေကို ပထမ အသုတ်အနေနဲ့ စက်ဘီး ၅၄၇ စီး လှူတန်းခဲ့ပြီး ကျန်ကျောင်းသားတွေကိုတော့ ရက်ပိုင်းအတွင်းမှာပဲ ဒုတိယ အသုတ် လှူတန်းနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“အလှူရှင်တွေကလည်း ဘုမသိ၊ဘမသိ ဖြစ်နေချိန် ပါတီဝင်တွေက စက်ဘီးတွေကို ကိုင်ပြီး ကျောင်းသားတွေ လက်ထဲ အပ်ကြတယ်။မှတ်တမ်း ဓါတ်ပုံတွေ၊ဗီဒီယိုတွေရိုက်ပြီး သူတို့ပါတီဌာနချုပ်ကို သတင်းပို့နေတာလည်း တွေ့တယ်။ပြီးတော့ ချက်ခြင်းထွက်သွားကြတယ်”လို့ ဟင်္သာတမြို့ခံက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး လုပ်မယ့်ရွေးကောက်ပွဲ နီးလာချိန်မှာ အခုလို အလှူ့လဖက်နဲ့ မျက်နှာလုပ်တာ တရားမျှတမှု မရှိဘူးလို့ ဟင်္သာတမြို့က ပြည်သူပါတီ ပါတီဝင် တဦးက မှတ်ချက် ပေးပါတယ်။
“တရားမျှတမှု မရှိဘူး ၊ ဒါပေမယ့် ကိုယ့်မြို့လာလှူမယ့် အလှူရှင် စိတ်မကောင်း ဖြစ်မှာစိုးလို့ တိတ်နေကြရတာ။ကျောင်းတွေမှာ သူတို့ပဲ လာလှူသလို မျက်နှာပြောင်တိုက် လုပ်နေတာ”လို့ ပြည်သူ့ပါတီ ပါတီဝင်တဦးက မှတ်ချက်ပေးပါတယ်။
နယ်ကနေ ဟင်္သာတမြို့ပေါ်က ကျောင်းတွေကို အနည်းဆုံး နှစ်မိုင်၊သုံးမိုင် လမ်းလျှောက်ပြီး ကျောင်းလာတက်ကြရတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် အလှူရှင်တွေရဲ့ စက်ဘီး ၇၀၀ ကျော်အလှူကို မြို့သူမြို့သားတွေက ကြည်နူးဝမ်းသာနေခဲ့ကြပေမယ့် အခုလို ကြံ့ခိုင်ရေးပါတီလူကြီးတွေက မဖိတ်ပဲရောက်လာကြပြီး ဝင်ရောက်ပဏာယူသွားတဲ့ အပေါ်မှာတော့ ဝေဖန်မှုတွေ ရှိနေကြတာပါ။
“အလှူရှင်တွေကတော့ လူရိုးတွေဖြစ်တော့ ဒီလိုလုပ်သွားတာကို ဘာမှမပြောကြဘူး။ တခွန်းမှကို မှတ်ချက် မပေးခဲ့ကြဘူး”လို့ ဟင်္သာတမြို့ခံတဦးက DNA ကိုပြောပါတယ်။
လှူတန်းခဲ့တဲ့ စက်ဘီးတွေကို ဂျပန်စက်ရုံမှာ သီးသန့်အော်ဒါစနစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး မြန်မာ့ဆိပ်ကမ်းအရောက် စက်ဘီးတစီးရဲ့ တန်ဖိုးမှာ ၈၅၀,၀၀၀/ ကျပ်(ရှစ်သိန်းငါးသောင်း) ကျသင့်တယ်လို့ သိရပါတယ်။အလှူရှင်မိသားစုတွေဟာ လွန်ခဲ့တဲ့ ၄ နှစ်က စတင်ပြီး မြန်မာနိုင်ငံအနှံ့က စာသင်ကျောင်းတွေက ကျောင်းသူ/ကျောင်းသားတွေကို လှူတန်းခဲ့တာ စက်ဘီးစုစုပေါင်း ၃၅,၀၀၀/ ကျော် ရှိပြီလို့ သိရပါတယ်။
