ကိုယ်ဝန်ဆောင် အကျဉ်းသူတွေ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်ခွင့် ဆုံးရှုံးနေ

အကျဉ်းထောင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ကိုယ်ဝန်ဆောင် အကျဉ်းသားတွေအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့ ထောက်ပံ့မှုမျိုးစုံကို ပေးရမယ့် အပြင် သီးခြား သက်သောင့်သက်သာဖြစ်စေဖို့ နေရာဖန်တီးပေးရမယ်လို့ ဖော်ပြထားပါတယ်။

၁၇၊ စက်တင်ဘာလ။

ဧရာဝတီတိုင်းထဲက အကျဉ်းထောင်တခုမှာ ထောင်/အချုပ် ကျခံနေရတဲ့ ကိုယ်ဝန်ဆောင် နိုင်/ကျဉ်း အမျိုးသမီးတဦးဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် အဟာရ ပြည့်မှီအောင် စားသောက်ရခြင်း မရှိဘူးလို့ ကာယကံရှင်က  DNA ကိုပြောပါတယ်။

အကျဉ်းထောင်အတွင်းမှာ ထောင်ချုပ်နဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးနဲ့ DNA က အဆက်အသွယ် ရခဲ့ပေမယ့် သူ့ရဲ့ လုံခြုံရေးအရ နံမည်နဲ့ ဘယ်ထောင်မှာ အချုပ်ကျပြီး အမှုရင်ဆိုင်နေရတယ် ဆိုတာကိုတော့ ချန်လှပ်ထားမှာ ဖြစ်ပါတယ်။

အဆိုပါ ကိုယ်ဝန်ဆောင်က “ သူတို့ကျွေးတာတွေက သာမာန်လူတွေတောင် မစားနိုင်တဲ့ ရက်တွေရှိတယ်။ ထမင်းမာတာတွေ ဟင်းသိုးတာတွေကို ထားလိုက်ဦး ထမင်းက ဆန်အတိုင်းဖြစ်ပြီး ဟင်းရေက ရေအတိုင်းဖြစ်တဲ့ နေ့တွေတောင်ရှိတယ်။ ထောင်ဝင်စာလာတဲ့သူတွေကတော့ ညီမတို့ကို မျှကြပါတယ် ” လို့ ပြောပါတယ်။

သူပြောလိုတာတွေကို ဆက်တိုက်ပြောနေရင်း ခဏတိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ တုန်ရင်နေတဲ့ အသံနဲ့  “ ညီမကလေး ဉာဏ်ရည်ပါ့မီပါ့မလား၊ လူစဉ်ပါ့မီပါ့မလားဆိုတာ ညီမ ညတိုင်းမက်တဲ့ အိပ်မက်ဆိုးပဲ ” လို့ ဆက်ပြောပါတယ်။

အကျဉ်းထောင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ကိုယ်ဝန်ဆောင် အကျဉ်းသားတွေအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့ ထောက်ပံ့မှုမျိုးစုံကို ပေးရမယ့် အပြင် သီးခြား သက်သောင့်သက်သာဖြစ်စေဖို့ နေရာဖန်တီးပေးရမယ်လို့ ဖော်ပြထားပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူ တဦးကတော့ “ အရင်ကတော့ ကိုယ်ဝန်ဆောင်တွေဆိုရင် ကလေးကောင်းစွာ မီးဖွားနိုင်ဖို့၊ မီးဖွားပြီးရင် ကလေး ၅ နှစ်အထိ မိခင်က စောင့်ရှောက်နိုင်ဖို့၊ ၅ နှစ်ကျော်သွားလို့ အပြင်ဘက်က ဆွေးမျိုးသားချင်းတွေက မစောင့်ရှောက်နိုင်ရင် အကျဉ်းထောင်ကပဲ တာဝန်ယူ စောင့်ရှောက်ရတယ်။ အခုကတော့ အများကြီး ကွာသွားတာပေါ့ ” လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ လူပေါင်း ၃ သောင်းနီးပါးရှိပြီး အမျိုးသမီး အကျဉ်းသူ ၆ ထောင်ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ပတ်သက်လို့ သီးခြားစစ်တမ်းထုတ်ပြန်ထားတာတော့ မရှိပါဘူး။

ဒါပေမယ့် Myanmar Now သတင်းဌာနက ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က တင်ဆက်တဲ့ “ နိုင်ကျဉ်းကိုယ်ဝန်ဆောင် ဆေးရုံ အချိန်မီမရောက်၍ မွေးလာသည့်ကလေး သေဆုံး” ဆိုတဲ့ သတင်းမှာတော့ အဲ့ဒီကာလမှာကို ၆ လအောက် ကလေးငယ် ၄ ဦးထက် မနည်းရှိနေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ဆက်ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။

DNA က ဧရာဝတီတိုင်းအတွင်းမှာရှိနေတဲ့ အကျဉ်းထောင်တွေအတွင်းမှာ ကိုယ်ဝန်ဆောင် နိုင်/ကျဉ်း အမျိုးသမီးတွေနဲ့ ထောင်တွင်းမှာ မီးဖွားခဲ့ရတဲ့ အကျဉ်းသူတွေရဲ့ စာရင်းကို ပြုစုနိုင်ဖို့ ကြိုးစားနေပါတယ်။