မိုင်တဲလ်ကိုမချစ်ပေမယ့်အောင့်ကာနမ်းနေရတဲ့ဧရာဝတီ

“လိုင်းပေါ်မှာ စကားပြောရင် အာဏာရှင်ကို တော်လှန်မယ် ဘာညာသာပြောနေတာ မင်းအောင်လှိုင်ကို ဆဲဖို့ လိုင်းတက်တဲ့ (အင်တာနက်) ဆင်းမ်ကတ်က မိုင်တဲလ်နဲ့”လို့ ဒေသခံကပြောပါတယ်။

၁၆၊စက်တင်ဘာ

ဧရာဝတီတိုင်းထဲမှာ မိုဘိုင်းအင်တာနက်လိုင်း အသုံးပြုမယ်ဆိုရင် အခြားအော်ပရေတာတွေရဲ့ ကွန်ရက် ကောင်းမွန်ခြင်းမရှိတာကြောင့်စစ်တပ်ရဲ့အဓိကဝင်ငွေတခုဖြစ်တဲ့ မိုင်တဲလ်ဆင်းမ်ကတ်ကိုသာ လက်မခံချင်ပေမယ့်လည်း အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ooredoo ၊ ATOM နဲ့ MPT ဆင်းမ်ကတ်တွေဟာ မြို့ပေါ်မှာအသုံးပြုလို့ရပေမယ့် လည်း ကျေးရွာတွေမှာ အသံခေါ်မှုကိုတောင် လုပ်ဆောင်လို့မရတဲ့ တည်နေ ရာတွေ ရှိတယ်လို့ မအူပင်မြို့နယ်နဲ့ ကျိုတ်လတ်မြို့နယ်ထဲမှာ နေထိုင်သူတွေက ပြောပါတယ်။

“MPT က ဖုန်းပြောချင်ရင် ခြံထဲ​ရောလယ်ထဲမှာ​ရောပြောမရဘူး။ မြစ်ဘေးသွားပြောရင်တော့ရ တယ်။ လိုင်းသုံးလို့ (အင်တာနက်) ကတော့ လုံးဝမရဘူး”လို့  ကျိုက်လတ်မြို့နယ်ထဲမှာနေထိုင်သူက ပြော ပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ မိုင်တဲလ်ဆင်းမ်ကတ်ကိုပဲ ရွေးချယ်အသုံးပြုနေရတယ်လို့ သူက ဆက်ပြောပါတယ်။ အခြားသောအော်ပရေတာတွေရဲ့ ဆင်းမ်ကတ်ဟာ တည်နေရာအနှံ့မှာ အသုံး မပြုနိုင်တဲ့အပြင် အင်တာနက်လိုင်းအသုံးပြုရာမှာလည်း VPN မလိုအပ်တဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုတာတောင် ကွန်ရက်မရရှိဘူးလို့ မအူပင်မြို့နယ်ထဲမှာ နေထိုင်သူကပြောပါတယ်။

“လိုင်းပေါ်မှာ စကားပြောရင် အာဏာရှင်ကို တော်လှန်မယ် ဘာညာသာပြောနေတာ မင်းအောင်လှိုင်ကို ဆဲဖို့ လိုင်းတက်တဲ့ (အင်တာနက်) ဆင်းမ်ကတ်က မိုင်တဲလ်နဲ့”လို့ သူကပြောပါတယ်။

အာဏာရှင် စစ် တပ်ကို မကြိုက်နှစ်ပေမယ့်လည်း စစ်တပ်က အပြည့်အဝလုပ်ငန်းလည်ပတ်နေတဲ့ မိုင်တဲလ်ကိုပဲ ဧရာဝ တီတိုင်းထဲကလူတွေ အားထားအသုံးပြုနေရတယ်လို့ သူကဆက်ပြောပါတယ်။

ရေကြည်မြို့နဲ့ ငသိုင်းချောင်းမြို့အကြားက ကျေးရွာတစ်ခုမှာ နေထိုင်သူကတော့ VPN ချိတ်မရလို့ လိုင်းမတက် (ဖေ့ဘွတ်) တော့တာလို့ ပြောပါတယ်။ ဒီဒေသမှာ ဖေ့စ်ဘွတ်အသုံးပြုဖို့အတွက် VPN ချိတ်ဆက်တဲ့အခါ နာရီနဲ့ချိပြီးကြာမြင့်လေ့ရှိပါတယ်။

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်ထဲက အင်တာနက်အသုံးပြုသူတွေကတော့ သူတို့အနေနဲ့ မိုင်တဲလ်အင်တာ နက်လိုင်းကိုအသုံးပြုတဲ့အခါမှာ သင့်တင့်တဲ့အမြန်နှုန်းကို ရရှိနေတယ်လို့ ပြောပါတယ်။

“တပ်ရှိလို့လား မသိဘူး။ မိုင်တဲလ်ကတော့ လိုင်းကောင်းတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

ဒါပေမယ့်လည်း လေးမျက်နှာမြို့နယ်က အင်တာနက်အသုံးပြုသူတွေကတော့ အင်တာနက်လိုင်းတွေ ဟာ အသုံးပြုလို့မရအောင် နှေးကွေးနေတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းဒေသတွေမှာဆိုရင်တော့ အင်တာနက်လိုင်းမရရှိတဲ့အပြင် အသံခေါ်ဆိုဖို့အတွက် လည်း ဖုန်းလိုင်းတွေ ဖြတ်တောက်ခြင်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖျာပုံမြို့နယ်ထဲက အင်တာနက်အသုံးပြုတဦးကတော့ မိုင်တဲလ်လိုင်းက အင်တာနက်အသုံးပြုရာမှာ အကောင်းဆုံးဖြစ်ပြီးတော့ Ooredoo လိုင်းကတော့ ဒုတိယနေရာမှာ အကောင်းဆုံးပဲလို့ဆိုပါတယ်။