ဧရာဝတီနဲ့ရခိုင်နယ်စပ်ဗေဒါဂိတ်မှာပြန်တပ်စွဲနိုင်ဖို့စစ်ကောင်စီပြင်ဆင်


“အထိုင်ပြန်ချလည်း ပြန်ဖွင့်မှာမဟုတ်လောက်ဘူး။ ဆန်နဲ့ဆီကို ရေနံသာဂိတ်တောင် ကျော်လို့မရတာ။ သူတို့ (စစ်တပ်) အထိုင်ပြန်ချနိုင်လည်း ပြန်ဖွင့်နိုင်မှာမဟုတ်ဘူး”လို့ ဂွ-ငသိုင်းချောင်းလမ်းပိုင်းမှာ ကုန်ကားမောင်းနှင်ခဲ့ဖူးသူက သုံးသပ်ပါတယ်။

၁၆၊စက်တင်ဘာ။

စစ်တပ်က ပြီးခဲ့တဲ့ဇန်နဝါရီလ ပထမအပတ်က လက်လွတ်လိုက်ရတဲ့ ဗေဒါစစ်ဆေးရေးဂိတ်မှာ ပြန် လည်အထိုင်ချတပ်စွဲဖို့ပြင်ဆင်မှုတွေ လုပ်နေတယ် လို့ ရေကြည်မြို့နယ်ထဲမှာ နေထိုင်တဲ့ စစ်တပ်မိသားစုဝင်တဦးကပြောပါတယ်။

ဗေဒါစစ်ဆေးရေးဂိတ်ဆိုတာက ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာ တည်ရှိပြီး ငသိုင်းချောင်းမြို့ အနောက်မြောက်ဘက် မိုင် ၃၀ အကွာမှာတည်ရှိပါတယ်။

ဒီစစ်ဆေးရေးဂိတ်ဟာ ရခိုင်ရိုးမပေါ်မှာ တည်ရှိပြီးတော့ ဧရာဝတီတိုင်းအနောက်ဘက်ခြမ်းမှာ အကြီးမားဆုံးစစ်ဆေးရေးဂိတ်လည်း ဖြစ်ပါတယ်။

ဂွ – ငသိုင်းချောင်း လမ်းပိုင်းမှာတည်ရှိတဲ့ ဒီစစ် ဆေးရေးဂိတ်ကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက လွန်ခဲ့တဲ့၈လလောက်ကသိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမယ့် AAပူးပေါင်းတပ်တွေက ဗေဒါဂိတ်မှာ တပ်စွဲအထိုင်ချတာမလုပ်ဘဲ လေးမျက်နှာ၊ရေကြည်မြို့နယ်ဖက်ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဖက်ကတော့ရေကြည်မြို့နယ်နဲ့ လေး မျက်နှာမြို့နယ် အနောက်ဘက်ခြမ်းဒေသတွေကို ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ထိုးစစ်ပြန်လည်လုပ်ဆောင်ခဲ့တဲ့နောက် စက်တင်ဘာလထဲမှာ ဗေဒါစစ်ဆေးရေးဂိတ်ကို ပြန်လည်အသုံးပြုနိုင်ဖို့ ပြင် ဆင်ခဲ့တာပါ။

ဗေဒါစစ်ဆေးရေးဂိတ်မှာ စစ်တပ်က ပြန်လည်အထိုင်ချတပ်စွဲမယ့် နေ့ရက်ကိုတော့ DNA အနေနဲ့ အတည်ပြုနိုင်တာမရှိပါဘူး။ ဒါပေမယ့် စစ်တပ်မိသားစုဝင်တဦးကတော့ သူတို့တပ်ထဲက စစ်သားတွေ ဗေဒါစစ်ဆေးရေးဂိတ်အတွက် ပြင်ဆင်ဆောင်ရွက်တာတွေကို လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။

စစ်တပ်က ဗေဒါစစ်ဆေးရေးဂိတ်မှာ ပြန်လည်အထိုင်ချဖို့ ပြင်ဆင်နေတယ်ဆိုပေမယ့်လည်း ဗေဒါစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်မယ် ၊ မဖွင့်လှစ်ဘူးဆိုတာနဲ့ပတ်သက်လို့ DNA အနေနဲ့သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။

“အထိုင်ပြန်ချလည်း ပြန်ဖွင့်မှာမဟုတ်လောက်ဘူး။ ဆန်နဲ့ဆီကို ရေနံသာဂိတ်တောင် ကျော်လို့မရတာ။ သူတို့ (စစ်တပ်) အထိုင်ပြန်ချနိုင်လည်း ပြန်ဖွင့်နိုင်မှာမဟုတ်ဘူး”လို့ ဂွ-ငသိုင်းချောင်းလမ်းပိုင်းမှာ မှာ ကုန်ကားမောင်းနှင်ခဲ့ဖူးသူက သုံးသပ်ပါတယ်။
စစ်ကောင်စီက ဗေဒါဂိတ်မှာပြန်အထိုင်ချတပ်စွဲရင်တောင် အရင်လိုအရပ်သားတွေ၊ခရီးသွားကားတွေကို ဖြတ်သန်းသွားလာခွင့်ပြုမှာမဟုတ်ဘူးလို့သူကဆိုလိုတာပါ။

လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ ရေနံသာစစ်ဆေးရေးဂိတ်ကနေစတင်ပြီးတော့ ကုန်စည်သယ်ဆောင် တာတွေကို ကန့်သက်ပိတ်ပင်ထားပါတယ်။ ဒေသတွင်းမှာရှိတဲ့အရပ်သားပြည်သူတွေကလည်း ဂွ – ငသိုင်းချောင်းလမ်းပိုင်းမှာ အမြောက် တပ် အမှတ် ၃၄၄ အထိသာ သွားလာခွင့်ရှိပြီးတော့ ကျန်ရှိတဲ့ အနောက်ဘက်လမ်းပိုင်းကို စစ်တပ်က သွားလာခွင့်ပိတ်ထားပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူး ပေါင်းတပ်တွေဟာ ငသိုင်းချောင်းမြို့နဲ့ ၁၂ မိုင်အကွာ ဂွ – ငသိုင်း ချောင်းလမ်းပိုင်းပေါ်မှာရှိတဲ့ အမြောက်တပ် အမှတ် ၃၄၄ ကို သိမ်းပိုက်နိုင်ဖို့အထိ စစ်ရေးအရခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ထိတွေ့တိုက်ပွဲတွေဟာ အရင်လိုနီးနီးကပ်ကပ်မရှိတော့ဘဲ ရခိုင်ရိုးမအတွင်းကို ရောက်ရှိသွားတယ်လို့ အမြောက်တပ် အမှတ် ၃၄၄ အနီးမှာနေထိုင်သူတဦး ကပြောပါတယ်။

မေလလောက်ကဆိုရင် တိုက်ပွဲတွေဟာ အမြောက် တပ် အမှတ် ၃၄၄ နဲ့ ၆ မိုင် ၇ မိုင် ဝန်းကျင်လောက် အထိကို နီးကပ်ခဲ့တာပါ။ အခုဆိုရင်တော့ အနီး ကပ်တိုက်ပွဲသံတွေ မကြားရတော့ဘဲ လက်နက်ကြီးနဲ့ အ ဝေးကြီးကို ပစ်ခတ်တဲ့အသံတွေကိုသာ တခါတရံကြားရတော့တယ်လို့ သူကဆက်ပြောပါတယ်။