ဇလွန်ဆေးရုံမှာ မွေးလူနာဗိုက်ခွဲမွေးဖို့ လေးသိန်းခွဲပေးရ

“သူက ရိုးရိုးမွေးလည်း ငွေတောင်းတာပဲ။ ငွေမပေးရင် မမွေးပေးဘူးပုံစံမျိုး။ ရိုးရိုးတွေကျ  ခွဲလူနာလောက်တော့ ငွေမများပေမယ့် အသေအဆဲခံရတာ”

၁၅၊ စက်တင်ဘာလ။

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က မြို့နယ် ပြည်သူ့ဆေးရုံက မွေးလူနာဖြစ် ဗိုက်ခွဲပြီး ကလေးမွေးဖို့ ငွေကျပ် ၄ သိန်း ၅ သောင်း တောင်းခံနေပြီး၊ သွေးလိုအပ်တဲ့လူနာတွေကိုလည်း သွေးအိတ်ဖိုး ငွေကျပ် ၃ သောင်းကျပ် တောင်းခံနေပါတယ်။

“ သူတို့က ဗိုက်အပ်၊ ဗိုက်ပြတုန်းကတော့ ဘာမှ မပြောဘူး။ ရိုးရိုးမွေးတာပိုကောင်းတယ်ပြောပြီး တကယ်မွေးတော့မယ်ဆိုမှ ခွဲရမယ် ၊ ခွဲရမယ်ဖြစ်တာ။ မမွေးနိုင်လို့ ခွဲရမှာလားဆိုတော့ အဲ့လိုလည်း မဟုတ်ဘူး။ လာလည်း မကြည့်ပဲနဲ့ ပိုက်ဆံပေး ပိုက်ဆံရတာနဲ့ ခွဲမွေးမယ်။ မရရင် မမွေးပေးဘူးလို့ကို ပြောတာ ကောင်တာက ” လို့ ကာယကံရှင် တဦးက DNA ကိုပြောပါတယ်။

ယခုကာယကံရှင်ဖြစ်သူက ငွေကြေးအဆင်ပြေသူဖြစ်လို့ မွေးဖွားရာမှာ အဆင်ပြေခဲ့ပေမယ့် ငွေကြေးအဆင်မပြေလို့ ရိုးရိုးမွေးဖို့သာ အားစိုက်ကြရတဲ့ မွေးလူနာတွေဟာ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုခြင်း ခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“ သူက ရိုးရိုးမွေးလည်း ငွေတောင်းတာပဲ။ ငွေမပေးရင် မမွေးပေးဘူးပုံစံမျိုး။ ရိုးရိုးတွေကျ  ခွဲလူနာလောက်တော့ ငွေမများပေမယ့် အသေအဆဲခံရတာ။ အဲ့ငွေပေးပြီးရင်လည်း မွေးပေးတဲ့ ဆရာမတွေ နောက်လိုက်တွေကို ကန်တော့ဖို့ဆိုတာက ထပ်လာသေးတယ်။ ခုမွေးတာ စုစုပေါင်း ၁၀ သိန်းလောက်ကုန်နေပြီ ” လို့ သူက ရှင်းပြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဇလွန်အရှေ့ဘက်ကမ်းက ဟင်္သာတမြို့နယ်ဘက်ကို သွားဖို့လွယ်ကူသူတွေဟာ ဟင်္သာတကိုသာ သွားရောက် မွေးဖွားနေကြပြီး ပရဟိတအဖွဲ့တချို့ဟာလည်း အရေးတကြီးသွေးလိုနိုင်တဲ့ လူနာတွေကို ဟင်္သာတ ဆေးရုံကို ပို့နိုင်ဖို့ ကြိုးစားကြတယ်လို့ သိရပါတယ်။

“ ဓာတ်ခွဲခန်းမှာဆိုရင် ငွေကြေးကောက်ခံခြင်း မပြုပါဆိုတဲ့ စာရွက်ပါ ကပ်ထားတာ။ သွေးလိုတဲ့သူတွေဆိုရင် သွေးစစ်ခ တခါစစ် ၆ ထောင်မှ မပေးရင် မစစ်ပေးဘူး၊ သွေးအိတ်ဖိုး ၃ သောင်းမသွင်းရင် သွေးမထုတ်ပေးဘူးတွေ လုပ်နေတာ ” လို့ ဆေးရုံနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ပရဟိတ အဖွဲ့တချို့ကလည်း ဇလွန်ဆေးရုံက ကောင်တာထိုင်သူတွေဟာ ကိစ္စအမျိုးမျိုးအတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေသလို ဆေးရုံရဲ့ သက်ဆိုင်ရာ ဌာနတွေက ငွေကြေးကောက်ခံခြင်း မပြုပေမယ့် ကောင်တာမှာတော့ ငွေသွင်းမှ သက်ဆိုင်ရာ ကျန်းမာရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခွင့်ပြုတယ်လို့ ဆိုကြပါတယ်။