တပတ်အတွင်းသတင်းအနှစ်ချုပ်

၁၃၊စက်တင်ဘာ။

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

▪️ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့ ပါတီ ၄ ခုကိုစစ်ကောင်စီ ဖျက်သိမ်း
▪️ ပြည်သူတွေစိတ်ဝင်စားနေတဲ့ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု
▪️ ရွေးကောက်ပွဲဝင်ပြိုင်နိုင်ဖို့ဒေါက်တာအေးမောင်ကိုလွတ်ငြိမ်းခွင့်ပေး
▪️ ကျောင်းသားတွေအပါ၂၀ ကျော်သေဆုံးခဲ့တဲ့ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှု
▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့လို့ဖမ်းဆီးအရေးယူတာတွေပြုလုပ်

▪️ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့ ပါတီ ၄ ခုကိုစစ်ကောင်စီ ဖျက်သိမ်း

ဒီဇင်ဘာလမှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ NDFအပါအဝင်နိုင်ငံရေး ပါတီ ၄ ခုကို စစ်ကောင်စီကဖျက်သိမ်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)
၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မ ရှင်က ကြေညာခဲ့တာပါ။

သတ်မှတ်လူဦးရေနဲ့ရုံးခန်း ပြည့်မီတာမရှိ ပြစ်ချက် နဲ့ မှတ်ပုံတင်ပယ်ဖျက်လိုက်တာလို့ရွေးကောက်ပွဲကော်မရှင်ကဆိုပါတယ်။

NDF ပါတီဟာ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီမှ ခွဲထွက် ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာမှာ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းတာ ပါတီ၉ခုအပါအဝင် စုစုပေါင်း ၆၁ပါတီဝင်ပြိုင်မယ်လို့ပြောဆိုထားပြီး အခုအခါပါတီ၄ခုပယ်ဖျက်ခံရတာလည်းဖြစ်ပါတယ်။

▪️ ပြည်သူတွေစိတ်ဝင်စားနေတဲ့ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု

စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း(ပါဆယ်လမ်း) ၊ ဒေါက်တာတင်မောင်ထွန်း၊ သွားဆေးခန်းမှာ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဆေးခန်းလာတဲ့အမည်မသိအမျိုးသားတယောက် က ဓါးနဲ့ထိုးခဲ့လို့ ဆရာဝန်ရဲ့ဇနီးဖြစ်သူဒေါ်ဇင်မီမီသက်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒေါက် တာ တင်မောင်ထွန်းကတော့ ဆေးရုံပို့ဆောင်စဥ်သေဆုံးခဲ့တာပါ။

ဒါ့အပြင် အတူနေမိသားစုဝင်အမျိုးသမီးတဦးနဲ့ဆေးခန်းအကူအမျိုးသမီးတဦးလည်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အပြီး လူမှု့ကွန်ရက်မှာ ထွက်ပေါ်လာခဲ့တဲ့ဆေးခန်းရှေ့၊ လမ်းတဖက်ရှိ CCTV ရုပ်သံဖိုင်မှာတော့လူသတ်သမားရဲ့ တိုက်ခိုက်ခံရပြီးချိန်မှာ ဆေးခန်းအကူ အမျိုးသမီးက ဆေးခန်းရှေ့ ၊ ပါဆယ်လမ်းမပေါ် ပြေးထွက်လာခဲ့ပြီး ၊ လမ်းသွားလမ်းလာတွေကို အကူအညီတောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် စက္ကန့်အနည်းငယ် အကြာမှာ လူသတ်သမားဟာ ဆိုင်ကယ်ကိုခွပြီး နောက်ပြန်တွန်းထွက်လာခဲ့ကာ ပါဆယ်လမ်းမကြီးအတိုင်း ဟင်္သာတဘူတာဘက်ကို အရှိန်နဲ့ မောင်းနှင်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။

နှစ်လောင်းပြိုင်လူသတ်မှုမှာ ကွယ်လွန်ခဲ့ကြတဲ့ သွားဆရာဝန်ဇနီးမောင်နှံဟာ လူချစ်လူခင်များပြားတဲ့သူတွေဖြစ်ပြီး အခုအမှုကို စိတ်ဝင်တစားစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။

ဒေါက်တာ တင်မောင်ထွန်း ( အသက် ၇၀ နှစ်) နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မင်းမင်းသက်( အသက် ၅၀ နှစ်)တို့ရဲ့ ဈာပနကိုလည်း မြို့သူမြို့သားအများအပြားက လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ဒီအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပြီး အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

▪️ ရွေးကောက်ပွဲဝင်ပြိုင်နိုင်ဖို့ဒေါက်တာအေးမောင်ကိုလွတ်ငြိမ်းခွင့်ပေး

ရခိုင့်ဦးဆောင်ပါတီ(AFP)ခေါင်းဆောင်ဒေါက်တာအေးမောင်ကို အာဏာသိမ်းစစ်ခေါင်ဆောင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ပေးခဲ့တယ်၊ဒါကြောင့်မလို့ ဒေါက်တာအေးမောင်အနေနဲ့ စစ်တပ် ကပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ကစစ်တပ်နဲ့ရင်းနှီးတဲ့ဆက်ဆံ ရေးရှိသူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၉ခုနှစ်မှာနိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပါတယ်။၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာတော့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့တာပါ။

ဒါပေမယ့်အခုလို ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့တဲ့ ကိုယ်စားလှယ်ဟာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေတွေက ပြဋ္ဌာန်းထားတာပါ။နိုင်ငံ့အကြီးအကဲက ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ဒါက်တာအေးမောင်က အာဏာသိမ်းစစ်ခေါင်ဆောင်ရဲ့လွတ်ငြိမ်းခွင့်အရ ရွေးကောက်ပွဲဝင်ပြိုင်နိုင်တော့မှာပါ။

ရခိုင့်ဦးဆောင်ပါတီ(AFP)ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အားလုံးမှာ ကိုယ်စားလှယ်ပေါင်း ၆၄ ယောက်နဲ့ ဝင်ရောက်
ယှဉ်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

▪️ ကျောင်းသားတွေအပါ၂၀ ကျော်သေဆုံးခဲ့တဲ့
ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှု

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ရခိုင်ပြည် နယ်ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ ကျောင်းသူ၊ကျောင်းသားတွေအပါအဝင် အရပ် သား၂၃ဦးလောက်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျေးရွာရှိပညာပန်းခင်းနဲ့အမြင်သစ် ကိုယ်ပိုင်
ကျောင်းဆောင်တွေကို စက်တင်ဘာလ ၁၂ရက်နံနက် ၁နာရီကျော်မှာစစ်ကောင်စီကဗုံးကြဲခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ကျောင်းသား၊ကျောင်းသူတွေစာရင်းကိုလည်း ဓါတ်ပုံတွေနဲ့တကွAAကထုတ်ပြန်ထားပြီး သေဆုံးသူအရေအတွက်ကလည်း တိုးလာနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။

▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့လို့ဖမ်းဆီးအရေးယူတာတွေပြုလုပ်

ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့တဲ့ သရုပ်ဆောင်နေမျိုးအောင်ရဲ့ ချွေးမဖြစ်သူDJ Violet ကိုဖမ်းဆီးခဲ့ပြီးတီးခတ်ခွင့်ပြုခဲ့တဲ့ မန္တလေးက Cover Entertainment ကလပ်ကိုလည်း ချိပ်ပိတ်လိုက်ပါတယ်။

ဒါ့အပြင်ဆိုင်ဝန်ထမ်းတချို့ကိုပါဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့လို့ အမျိုးသားရေးတက်ကြွသူတွေရဲ့ဝေဖန်တာတွေခံရပြီးနောက်DJ Violet က စက်တင်ဘာ ၁ဝ ရက်မှာ လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့သလို Cover Entertainment ကလပ်ဘက်လည်း တောင်းပန်ခဲ့ပါသေးတယ်။ဒါပေမယ့်စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးဆရာတော်တွေက သာသနာညှိုးနွမ်းမှုနဲ့ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပြီးနောက်ဖမ်းဆီးအရေးယူတာတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။