မနေ့ညက ထရမ့်က သူ့ရဲ့ Truth Social မှာ “ထူးမြတ်ပြီး ဒဏ္ဍာရီဆန်တဲ့ ချာလီ ကာ့ခ် ဆုံးပါးသွားခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုထဲက လူငယ်တွေရဲ့နှလုံးသားကို ချာလီလောက် နားလည်ခဲ့ပြီး ပိုင်ဆိုင်ခဲ့တဲ့သူ မရှိပါဘူး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
၁၁ ၊ စက်တင်ဘာလ။
အသက် ၃၁နှစ်အရွယ် ချာလီ ကာ့ခ်ဟာ စက်တင်ဘာ ၁၀ရက်နေ့က ယူတာ့ကောလိပ်မှာ သူပူးတွဲတည်ထောင်ထားတဲ့ Turning Point USA အဖွဲ့အစည်းအတွက် စကားရည်လုပွဲတခုကို ပြုလုပ်နေချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။
အခင်းဖြစ်ပွားရာနေရာမှာ သူ့ရဲ့ဇနီးနဲ့ မိသားစု ရှိနေခဲ့ပေမယ့် ဘေးကင်းလုံခြုံခဲ့ကြပြီး တခြားဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သေနတ်သမားကို လိုက်ရှာနေကြပါတယ်။
ချာလီ ကာ့ခ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းရှေးရိုးစွဲ တက်ကြွလှုပ်ရှားသူတွေထဲက တစ်ဦးဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယုံကြည်ရတဲ့ မဟာမိတ်တစ်ဦးလည်း ဖြစ်ပါတယ်။
ဗိသုကာပညာရှင်တစ်ဦးရဲ့သားဖြစ်တဲ့ ကာ့ခ်ဟာ ချီကာဂိုမြို့ရဲ့ ချမ်းသာတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တဲ့ Prospect Heights မှာ ကြီးပြင်းခဲ့ပြီး ချီကာဂိုအနီးရှိ Community ကောလိပ်တစ်ခုမှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီ့နောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပိုအာရုံစိုက်ဖို့ ကျောင်းထွက်ခဲ့တာပါ။
အသက် ၁၈ နှစ်အရွယ်မှာပဲ ကာ့ခ်ဟာ လစ်ဘရယ်ဆန်တဲ့ အမေရိကန်ကောလိပ်တွေမှာ ရှေးရိုးစွဲအယူဝါဒတွေ ပျံ့ပွားစေဖို့ ရည်ရွယ်ပြီး Turning Point USA ကို တည်ထောင်ခဲ့ပါတယ်။
အဆိုပါအဖွဲ့အစည်းဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ထရမ့်နဲ့ တခြား ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေအတွက် မဲထွက်ပေးကြဖို့ စည်းရုံးရေးအစီအစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ကာ့ခ်ဟာ မဲဆန္ဒရှင်သစ် သောင်းနဲ့ချီပြီး စာရင်းသွင်းနိုင်အောင် ကူညီပေးခဲ့သလို အရီဇိုးနားပြည်နယ်ကိုလည်း ထရမ့်ဘက်ရောက်အောင် ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံခဲ့ရပါတယ်။
သူ့ရဲ့ ပေါ့ကတ်စ် အစီအစဉ်ဟာလည်း လူမှုကွန်ရက်ပေါ်မှာ follower သန်းချီရှိပြီး လူငယ်ပရိသတ်တွေကြားထဲမှာ ရေပန်းစားပါတယ်။
ဒါ့အပြင် ကာ့ခ်ဟာ လိင်ပြောင်းလဲသူတွေကို ဆန့်ကျင်တဲ့ အမြင်တွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် သံသယဝင်မှုတွေကြောင့်လည်း လူသိများပါတယ်။
မနေ့ညက ထရမ့်က သူ့ရဲ့ Truth Social မှာ “ထူးမြတ်ပြီး ဒဏ္ဍာရီဆန်တဲ့ ချာလီ ကာ့ခ် ဆုံးပါးသွားခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုထဲက လူငယ်တွေရဲ့နှလုံးသားကို ချာလီလောက် နားလည်ခဲ့ပြီး ပိုင်ဆိုင်ခဲ့တဲ့သူ မရှိပါဘူး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
Ref – BBC