မြောင်းမြ၊အိမ်မဲ အကြား ယာဉ်လိုင်းတွေကို စစ်ဆေးရေးတင်းကြပ်နေ

“ စစ်လို့ လုပ်ငန်းသုံး ယာဉ်မှန်းသိရင် ပိုက်ဆံတောင်းတယ်။ တက္ကစီလည်း မနေရဘူး။ ဘုန်းကြီးကျောင်းလှူဖို့ သစ်သားဗီရိုအသစ် ဆိုင်ကဝယ်လာတာကို ပရိဘောဂအသစ်မို့ဆိုပြီး ပိုက်ဆံတောင်းတယ်။

၁၁၊ စက်တင်ဘာလ။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ နဲ့ အိမ်မဲမြို့အကြားက စစ်ဆေးရေးဂိတ်တွေမှာ သုံးဘီးဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေအထိပါ စစ်ဆေးရေးတွေ တင်းကြပ်နေပြီး ယာဉ်မောင်းအမည်တွေနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းစာရင်းတွေကို ရေးမှတ်တာတွေ လုပ်နေပါတယ်။

“ ဘာကြောင့် အဲ့လိုစစ်နေတာလဲတော့ မသိဘူး။ အရင်ကတော့ လူစီးကား (ခရီးသည်တင်ကားနဲ့အိမ်စီးကား)တွေကိုပဲ စစ်တာ။ ဒါကြောင့် ဒီလောက် အသေးစိတ်မစစ်ဘူး။ အခုက သယ်လာတဲ့ပစ္စည်းချပြီးတောင် ပြေးချင်တယ်။ ဘာအတွက်စစ်နေတာမှန်းမသိတော့ ပိုဆိုးတယ် ” လို့ အိမ်မဲမြို့ခံ ထော်လာဂျီ မောင်းသူတဦးက ပြောပါတယ်။

ဒေသခံတွေ အတွက်ကတော့ ဒီရက်ပိုင်းအတွင်း မြောင်းမြနဲ့ အိမ်မဲကြားကို ဖြတ်သန်းသွားလာဖို့ရှိတယ်ဆိုရင် ပါလာတဲ့ ပစ္စည်းစာရင်းတွေက အစ ကြိုတင်ပြင်ဆင်လာခဲ့ကြဖို့ သတိထားနေကြရတာပါ။

ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေကို စစ်ဆေးမှုပြုလုပ်နေတာ ကာလအတန်ကြာပြီဖြစ်ပေမယ့် အခုလိုမျိုး သုံးဘီးဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေကို စစ်ဆေးတာကတော့ မနေ့က စက်တင်ဘာ ၁၀ ရက်နေ့က စတင်တာလို့ သိရပါတယ်။

“ စစ်လို့ လုပ်ငန်းသုံး ယာဉ်မှန်းသိရင် ပိုက်ဆံတောင်းတယ်။ တက္ကစီလည်း မနေရဘူး။ ဘုန်းကြီးကျောင်းလှူဖို့ သစ်သားဗီရိုအသစ် ဆိုင်ကဝယ်လာတာကို ပရိဘောဂအသစ်မို့ဆိုပြီး ပိုက်ဆံတောင်းတယ်။ လုံခြုံရေးအရ စစ်ဆေးတာက မြို့နယ်တွင်းသာသွားလာနိုင်တဲ့ အိုးဝေတွေ၊ ထော်လာဂျီတွေကိုကအစ ပိုစစ်ဆေးလာတာ”  လို့ မြောင်းမြမြို့ ကွယ်လွယ်ရပ်ကွက် ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

ယာဉ်မောင်းသူတွေ ဘယ်မှာနေတယ်၊ ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ်၊ ဘာသွားလုပ်မယ်၊ ဘာတွေပါတယ်ဆိုတာတွေကို မေးမြန်းရုံတင်မဟုတ်ဘဲ စာအုပ်နဲ့ စာရင်းချရေးတာမျိုးတွေ လုပ်နေတာကြောင့် အကြောင်းရင်း မသိရတဲ့ ယာဉ်မောင်းသူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ပန်းတနော်၊အိမ်မဲ၊မြောင်းမြ၊လပွတ္တာ ကားလမ်းမပေါ်မှာ ရှိတဲ့ မြောင်းမြမြို့နဲ့ အိမ်မဲမြို့ဟာ ကုန်းလမ်းမိုင် အကွာအဝေးအရ ၄၈ မိုင်ခန့် ရှိပြီး ဧရာဝတီတိုင်းရဲ့ ဒေသတွင်းလမ်းကွန်ရက်မှာ အထိကကျတဲ့ လမ်းပိုင်းအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။