ဟင်္သာတမြို့က နှစ်လောင်းပြိုင်ဈာပန မြို့သူမြို့သားအများအပြား လိုက်ပါပို့ဆောင်

ဟင်္သာတမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှုမှာ သေဆုံးကွယ်လွန်ခဲ့ကြတဲ့ သွားဆရာဝန် ဒေါက်တာ တင်မောင်ထွန်း ( အသက် ၇၀ နှစ်) နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မင်းမင်းသက်( အသက် ၅၀ နှစ်)တို့ရဲ့ ဈာပနကို ဒီနေ့ညနေ ၃ နာရီက ဟင်္သာတမြို့ မီးသဂြိုလ်စက်မှာ ပြုလုပ်ခဲ့ပြီး မြို့သူမြို့သား အများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

နှစ်လောင်းပြိုင်လူသတ်မှုနဲ့ ပါတ်သက်ပြီး မြို့ပေါ်မှာ အထူးစိတ်ဝင်စားနေကြသလို  စိတ်သဘောထားကောင်းမွန်ကြတဲ့ ဆရာဝန်ဇနီးမောင်နှံကို အခုလို သေဆုံးခဲ့ရတာနဲ့ ပါတ်သက်ပြီး ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြပါတယ်။

DNA  သတင်းဌာနက ရေးသားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှု သတင်းမှာ ဟင်္သာတမြို့ခံတဦး ဖြစ်တဲ့ ဦးမြင့်အောင်က “ဘာသာရေးကိုင်းရှိုင်း အလှူ‌ရေစက် လက်နဲ့မကွာတဲ့ ဆရာတို့မောင်နှံ ကောင်းရာသုဂတိ ရောက်ကြပါစေ။ဝဋ်ကြွေးရှိက ကြေပါစေ”လို့ မှတ်ချက်ပေးထားသလို သိမ့်သိမ့်ကျော်ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း “ ဆရာဝန်ကောင်း တယောက် ဆုံးရှုံးလိုက်ရပြီပေါ့။အရမ်းတော်သော ဆရာဝန်ကြီးပါ။ ဘာသာရေးလည်း ကိုင်းရှိုင်းတယ်။အေးချမ်းတယ်။ကောင်းမြတ်တဲ့ ဘုံဘဝကို ရောက်ရှိပါစေ ဆရာကြီးရေ”လို့ ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

ဒီနေ့ ဈာပနကို ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ခဲ့တဲ့ သူတဦးကလည်း “ လူတွေက အတော်များတယ်။လူတွေရော ကားတွေရော ။ သချိုင်းထဲတောင် ဝင်လို့ မရခဲ့ဘူး”လို့ ပြောပါတယ်။

အသက် ၃၅ နှစ်ခန့် ဟင်္သာတမြို့ခံ အမျိုးသားတဦးကလည်း “ မြို့မှာ ပထမဆုံး နှစ်လောင်းပြိုင်နာရေး ဖြစ်သွားတာလေ။ ကျွန်တော့်တသက်မှာ မကြုံဖူးဘူး”လို့ မှတ်ချက်ပေးပါတယ်။