ဧရာဝတီတိုင်းက အဝေးပြေးကားတွေကို လူမဲ့ပစ္စည်းတွေ မတင်ဖို့ နှုတ်မိန့်နဲ့ ညွှန်ကြားထား

“ လူမဲ့ပစ္စည်းတင်လို့မရရင် ဈေးရောင်းဖို့ခက်တာပေါ့။ ကိုယ်နယ်က ထွက်တာကမှ ငပိ ငခြောက် ဆန် ပါဆိုမှ ဒါတွေက လူမဲ့ပို့ရင် PDF တွေကို ထောက်ပံ့ဖို့လို ယူဆနေရင်တော့ ကျွန်မတို့ ဧရာဝတီတိုင်းကလူတွေ ဒီထက် ဒီထက် ငတ်ကြဖို့ပဲရှိတယ်”

၉၊ စက်တင်ဘာလ။

ဧရာဝတီတိုင်းကနေ အခြားဒေသတွေကို လူမဲ့ ပစ္စည်းပို့ဆောင်မှုတွေကို လက်မခံဖို့ အဝေးပြေး ကားဂိတ်တွေကို စစ်ကောင်စီက နူတ်မိန့်နဲ့ ညွှန်ကြားထားတာရှိတယ်လို့ ပုသိမ်ကားဝင်းထဲက ဂိတ်တချို့ရဲ့ တာဝန်ခံတွေက DNA ကိုပြောပါတယ်။

“ ကျွန်တော်တို့ဆီကို နူတ်မိန့်ရောက်ပါတယ်။ လူမဲ့ပစ္စည်းတွေ လက်မခံဖို့ပေါ့။ အကြောင်းပြချက်ရယ်လို့ တိတိကျကျပေးတာမျိုးတော့ မရှိပါဘူး ” လို့ ဂိတ်မှူးတဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ လဆန်းပိုင်းက အဝေးပြေးကားတွေပေါ်က လူမဲ့ ကုန်ပစ္စည်းတွေကို စစ်တပ်ဂိတ်တွေက ဆွဲချတာ၊ ယူထားတာ၊ လွှင့်ပစ်တာ စတဲ့ ကိစ္စတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။

“ လူမဲ့ပစ္စည်းတင်လို့မရရင် ဈေးရောင်းဖို့ခက်တာပေါ့။ ကိုယ်နယ်က ထွက်တာကမှ ငပိ ငခြောက် ဆန် ပါဆိုမှ ဒါတွေက လူမဲ့ပို့ရင် PDF တွေကို ထောက်ပံ့ဖို့လို ယူဆနေရင်တော့ ကျွန်မတို့ ဧရာဝတီတိုင်းကလူတွေ ဒီထက် ဒီထက် ငတ်ကြဖို့ပဲရှိတယ်။ အခုက ငတ်လို့သေတဲ့ခေတ်ကိုရောက်တော့မှာ ရောက်နေပြီ ” လို့ တပိုင်တနိုင် ငါးခြောက်ရောင်းဝယ်ရေး လုပ်ဆောင်နေသူ မသီတာအေးက ဆိုပါတယ်။

ဧရာဝတီတိုင်းကထွက်တဲ့ ပစ္စည်းတွေကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ကုန်သည်ကြီးတွေသာ အဆင်ပြေနိုင်တော့တဲ့ အခြေအနေဖြစ်လာတာကြောင့် အသေးစား၊ အလတ်စား ကုန်သွယ်ရေး လုပ်ငန်းလုပ်ဆောင်နေကြသူတွေ ပျောက်ဆုံးသွားတော့မှာ ဖြစ်တယ်လို့ ယခင် အရပ်သားအစိုးရက ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့သူ ကိုနိုင်ကျော်စွာက မှတ်ချက်ပြုပါတယ်။

“ အသေးစား အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးမှ ဆင်းရဲမွဲတေမှု အညွှန်းကိန်းက ကျလာမှာ။ အခုက အကုန်လုံးကို ဒုက္ခရောက်ကြစေ ဆိုတဲ့လမ်းကြောင်းကို သွားနေတာ သူက(စစ်ကောင်စီ) ” လို့ ကိုနိုင်ကျော်စွာက ပြောပါတယ်။

ဧရာဝတီတိုင်းကို ဗဟိုပြုပြီးပြေးဆွဲနေတဲ့ အဝေးပြေးကားဂိတ်တွေကတော့ ယခုနှုတ်မိန့်ဟာ ပစ္စည်းပို့ဆောင်သူတွေအတွက်တင် မဟုတ်ပဲ ကားလိုင်းတွေအတွက်ပါ ဒုက္ခရောက်စေတဲ့ အမိန့်ဖြစ်တယ်လို့ ဆိုကြပါတယ်။