“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်။
၈၊စက်တင်ဘာ။
ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့၊ပါဆယ်လမ်းက သွားဆေးခန်းတခုမှာ ဒီနေ့ညနေ ၅ နာရီခန့်က အမည်မသိ အမျိုးသားတဦးက ဓါးနဲ့ထိုးခဲ့တဲ့အတွက် သွားဆရာဝန် နဲ့ ဆရာဝန်ကတော်တို့ သေဆုံးခဲ့ပြီး အိမ်မှာ ရှိနေတဲ့ မိသားစုဝင်အမျိုးသမီးနဲ့အတူ ဆေးခန်းအကူအမျိုးသမီးတဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။
“ဆရာ့အမျိုးသမီးက ပွဲချင်းပြီး၊ဆရာက ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးပဲ ရှပ်ထိတာမို့ မစိုးရိမ်ရဘူး။ ကောင်မလေးကလည်း မစိုးရိမ်ရပါ”လို့ အိမ်နီးချင်းတဦးက လူမှုကွန်ယက်မှာ ရေးတင်ခဲ့ပါတယ်။
ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ သွားဆေးခန်း ပိုင်ရှင် ဒေါက်တာတင်မောင်ထွန်းရဲ့ ဆေးခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ ။ အခင်းဖြစ်ပွားရာမှာတော့ ဆရာဝန်ရဲ့ဇနီး ဒေါ်ဇင်မီမီသက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါက်တာ တင်မောင်ထွန်းကတော့ ဆေးရုံအထိ အသက်မမီခဲ့ဘူးလို့လည်း ဆေးရုံဝန်ထမ်းတဦးက DNA ကို အတည်ပြုပါတယ်။
PCX အမျိုးအစား ဆိုင်ကယ်စီးလာတဲ့ အသားဖြူဖြူမျက်နှာသွယ်သွယ် အမည်မသိအမျိုးသားက သွားဆေးခန်းကို ရောက်လာခဲ့ပြီး သူ့အလှည့်အရောက်မှာ ဆရာဝန်ကို ဓါးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။
ဆရာဝန်ကတော်က အနားမှာ ရှိနေတဲ့အတွက် သူ့ကိုလည်း ဓါးနဲထိုးပြီး ခွဲချလိုက်တဲ့အတွက် ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ရပ်ကွက်အတွင်းမှာ နေထိုင်သူ တဦးက သူကြားတဲ့အကြောင်းကို DNA ကိုပြောပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
အမှုအခင်းနဲ့ ပါတ်သက်ပြီး မြို့ပေါ်မှာ သတင်းတွေ အမျိုးမျိုး ပြောနေကြပေမယ့် ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတစုံတရာကို ယူမသွားခဲ့ဘူးဆိုတာကိုတော့ ဆွေမျိုးနီးစပ်တော်သူတဦးကလည်း DNA ကို အတည်ပြုပါတယ်။
“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်”လို့ ပြောပါတယ်။
အခင်းဖြစ်ပွားချိန်ဟာ ဆေးခန်းဖွင့်ချိန်ဖြစ်တဲ့အတွက် တခြားလူနာတွေလည်း ရှိသလို ၊ ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လဘ္ဘက်ရည်ဆိုင်ရှိတဲ့အတွက် အနုကြမ်းစီးတာ၊ဓါးမြတိုက်ချင်တာဆိုရင် ဒီလိုနေရာမှာ ဒီလိုအချိန် လုပ်မှာမဟုတ်ဘူးလို့လည်း မြို့ခံတဦးက သုံးသပ်ပါတယ်။ သေဆုံးသွားတဲ့ ဆရာဝန်လင်မယားရဲ့ ရုပ်အလောင်းတွေကိုတော့ ဆေးရုံကနေ အိမ်ကိုပြန်သယ်မှာ ဖြစ်ပြီး ကနဦး သတင်းတွေအရ ဈာပနအခမ်းအနားကို သုံးရက်အကြာမှာ ပြုလုပ်မယ်လို့ သိရပါတယ်။