တရားမဝင်ကျားဖောင်တွေကြောင့်လုပ်ကွက်ကျဉ်းမြောင်းလာ

“တချို့လိုင်စင် တ စောင်တရားဝင်ကိုင်ထားသူက တရားမဝင်ဖောင် ၁၀ ခု လောက်ထိထွက်ကြတာလည်း ရှိတယ်”လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၅၊စက်တင်ဘာ

ဧရာဝတီရေပိုင်နက်ထဲက ငါးဖမ်းလုပ်ကွက်တွေထဲမှာ တရားဝင်ကျားဖောင်တွေရှိပေမဲ့လည်း တရားမ ဝင်ကျားဖောင်အရေအတွက်က ၅ ထောင်ဝန်းကျင်အထိ ရှိတာကြောင့် ငါးဖမ်းဧရိယာဟာ ကျဉ်း မြောင်းသွားတယ်လို့ ကျားဖောင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဖျာပုံမြို့နယ်ထဲမှာဆိုရင် ပင်လယ်ပြင်ထဲကိုထွက်ခွာမဲ့ ကျားဖောင်တွေကို ဖျာပုံမြစ်ဝ ၊ နောက်မြီး ၊ ခါး ပြတ် အစရှိတဲ့တည်နေရာသုံးခုမှာ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ တရားမဝင်ကျားဖောင်တွေဟာ ဒီစစ် ဆေးရေးဂိတ်တွေကို ကွေ့ရှောင်ပြီးတော့ ပင်လယ်ပြင်ထဲကို ထွက်ကြတာပါ။

ကျားဖောင် ၈ ထောင်ဝန်းကျင်ရှိတဲ့ ဧရာဝတီငါးဖမ်းလုပ်ကွက်မှာ ဖောင်တစ်ခုရဲ့ ကျားတန်းက ၅ မိုင်ဝန်းကျင်အထိ (ရေမိုင် ၁ မိုင် ၁၀ ဖာလုံ) ရှည်လျားတာကြောင့် ငါးဖမ်းဧရိယာဟာ အလွန်ကျပ်လာ တယ်လို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။

လိုင်စင်တစောင် (ကျားဖောင် ၈ ဖောင်) အတွက် ပျှမ်းမျှကုန်ကျငွေက သိန်း ၄၀ လောက်ရှိတယ်။ တချို့လိုင်စင် တ စောင်တရားဝင်ကိုင်ထားသူက တရားမဝင်ဖောင် ၁၀ ခု လောက်ထိထွက်ကြတာလည်း ရှိတယ် လို့ သူကပြောပါတယ်။

တရားမဝင်ကျားဖောင်တွေဟာ အရပ်အခေါ် စောင့်ကြည့်စက် (VMS စက်) တွေတပ်ဆင်မထားတာ ကြောင့် ပင်လယ်ပြင်ထဲမှာ တည်နေရာအနှံ့သွားလာနိုင်ပါတယ်။ မွန်ရေပိုင်နက်သွားချင်လည်းသွားလို့ရ တယ်။ တရားဝင်ဖောင်တွေက ဧရာဝတီရေပိုင်နက်ထဲမှာတောင် တနေရာက တနေရာကိုသွားမယ်ဆိုရင် တည်နေရာကိုပြောပြီးမှသွားလို့ရတယ်။ ဒါက တရားဝင်တာ မဝင်တာကွခြားချက်တစ်ခုပဲ လို့ သူက ဆက်ပြောပါတယ်။

Check Point လို့ခေါ်တဲ့ တရားဝင်ကျားဖောင်တွေကို စစ်ဆေးတဲ့ဂိတ်တွေမှာတော့ စစ်တပ် ၊ ရဲ ၊ လဝက ၊ ငါးဦးစီး အစရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေရှိပါတယ်။ သူတို့တွေဟာ VMS စက်တပ်ဆင်ထားခြင်းရှိ မရှိ နဲ့ ရေလုပ်သားတွေရဲ့ အချက်အလက်မှန်ကန်မှု ရှိမရှိကို စစ်ဆေးကြတာပါ။

ကျားဖောင်တွေမှာ ရေလုပ်သားတွေနဲ့ ပတ်သက်တဲ့အချက်တွေက စုံလင်မှုနည်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက တရားဝင်ဖောင်တွေကို စစ်ဆေးတဲ့ အခါ ငွေတောင်းခံတာတွေ ၊ လာဘ်ပေးငွေနည်းတဲ့အခါ ရစ်တာတွေလည်းရှိတယ်လို့ သူတို့ကဆက်ပြော ပါတယ်။

ဧရာဝတီငါးဖမ်းကွက်ဧရိယာထဲကို ဖျာပုံမြို့နယ်ထဲက ခါးပြတ် ၊ ရွှေထီး ၊ ဗန္ဓာပင် ၊ ဖျာပုံမြစ်တန်း ၊ ဘုန်း ကြီးသောင် ၊ ချောင်းဝ ကျေးရွာတွေဆီကနေ ကျားဖောင်တွေအများဆုံး ထွက်ရှိပါတယ်။ ကျားဖောင် တွေဟာ စက်တင်ဘာလမှာစတင်ပြီး ဧပြီလမှာ ပြန်လည်သိမ်းဆည်းကြတာပါ။