“ဆေးရုံရောက်တာနဲ့ မီးစက်မောင်းရတယ် ဆီဖိုးပေးရမယ်ဆိုပြီး ပြောတယ်။ မွေးလူနာဆို ရိုးရိုးမွေး ရှစ်သောင်း၊ခွဲမွေးရင်း သုံးသိန်း၊ကိုယ်ဝန်ပျက်ကျရင် ရှစ်သောင်းလို့ ပြောတယ်။ ဆေးရုံတက်စမှာ ဆီဖိုးတခါတောင်းတယ် ၊ ပြန်ဆင်းရင် တခါထပ်တောင်းတယ်။ မွေးမယ်ဖွားမယ်ဆိုလည်း ချက်ချင်း ဆီနှစ်ဂါလံ ဝယ်ပေးရတယ်”လို့ အိုင်သပြုဆေးရုံ အခြေအနေကို ဒေသခံက ရှင်းပြပါတယ်။
၄၊ဩဂုတ်လ။
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊လေးမျက်နှာမြို့ နယ် အိုင်သပြုတိုက်နယ်ဆေးရုံမှာ လာရောက်ကုသတဲ့ လူနာတွေကို ဆရာဝန်က ဆေးရုံဝန်းထဲက သူ့အိမ်မှာ ဆေးဝယ်ခိုင်းတာ ၊ သာမန်ဖျားနာ လူနာတွေကို ဆေးရုံမှာ ကုမပေးပဲ ဆေးခန်းကို ချိန်းတာတွေအပြင် ဆေးရုံမှာ ခွဲစိတ်ကုသရတဲ့ လူနာတွေက ဓါတ်ဆီဖိုး စိုက်ပေးရတာတွေ ဖြစ်နေပါတယ်။
“ကျွန်တော်တို့က အခက်အခဲမျိုးစုံကြားကဆေးရုံတက်ရတာပါဗျာ။ ဆေးရုံရောက်တာနဲ့ ဆရာဝန်အိမ်မှာပဲ ဆေးတွေဝယ်ရတယ် ။ အပြင်ဆိုင်မှာဝယ်ဖြစ်ရင် မလိုချင်ဘူး ချက်ချင်းပြန်လဲဆို ခိုင်းပါတယ်။ ဆေးချင်းတူရင်တောင် တံဆိပ်မတူလို့ မရပါဘူး” အိုင်သပြုဆေးရုံမှာ ဆေးရုံတက်ခဲ့ရတဲ့ ဒေသခံက DNA ကိုပြောပါတယ်။
အိုင်သပြုဆေးရုံမှာ တာဝန်ကျနေတဲ့ ဒေါက်တာဟာ အသက် ၃၀ ကျော် အမျိုးသမီးဆရာဝန်တဦး ဖြစ် ပြီး ဆေးရုံဝန်းအတွင်း ဝန်ထမ်းအိမ်ယာမှာ နေထိုင် ပြီး ဆေးရောင်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင်သပြုကျေးရွာရဲ့ ကမ်းနား ၊ကားဂိတ်အနီး ယခင်ထွေအုပ်ရုံးဟောင်းကို ငှားပြီး ပြင်ပဆေးခန်းဖွင့်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“နေမကောင်းလို့ ဆေးရုံသွားပြရင် ကြည့်မပေးဘူး။ ဆေးခန်းကိုလာဆိုပြီး ဆေးခန်းမှာပဲ ပြခိုင်းတယ်” အိုင်သပြုသူတဦးက ပြောပါတယ်။
အိုင်သပြုတိုက်နယ်ဟာ လေးမျက်နှာမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာတွေရဲ့ ငဝန်မြစ် အရှေ့ဘက်ကမ်းမှာ ရှိနေပြီး မြစ်အနောက်ဘက်ကမ်းက ခြောက်ဆယ်အုပ်စု၊ယင်းဆယ်အုပ်စု၊ မယ်ဇလီအုပ်စုတွေဟာ အိုင်သပြုတိုက်နယ်ဆေးရုံကိုပဲ အားကိုးနေကြရတာ ဖြစ်ပါတယ်။ အရင်က ငဝန်မြစ် အနောက်ဘက်ကမ်းမှာ လှော်ကထတိုက်နယ် ဆေးရုံရှိပေမယ့် စစ်ရေးအခြေအနေကြောင့် နယ် မြေမအေးချမ်းတဲ့အတွက် လောလောဆယ်မှာ ဆရာဝန်မရှိတော့ပဲ အဲဒီဒေသကလူတွေဟာ အိုင်သပြုတိုက်နယ် ဆေးရုံကိုသာ အားထားနေကြရတာပါ။
“ကျွန်တော်တို့မှာ ရွေးချယ်စရာ အိုင်သပြုနဲ့လေး မျက်နှာရှိတယ် ဆိုပေမယ့် ဆိုင်ကယ်ဖမ်း ဘာဖမ်းနဲ့
အစစ်အဆေးတွေရှိလို့ အိုင်သပြုကိုပဲ တက်ရတယ်”လို့ ငဝန်မြစ်အနောက်ဘက်ကမ်းမှာ နေထိုင် သူတဦးက ရှင်းပြပါတယ်။
“ဆေးရုံရောက်တာနဲ့ မီးစက်မောင်းရတယ် ဆီဖိုးပေးရမယ်ဆိုပြီး ပြောတယ်။ မွေးလူနာဆို ရိုးရိုးမွေး ရှစ်သောင်း၊ခွဲမွေးရင်း သုံးသိန်း၊ကိုယ်ဝန်ပျက်ကျရင် ရှစ်သောင်းလို့ ပြောတယ်။ ဆေးရုံတက်စမှာ ဆီဖိုးတခါတောင်းတယ် ၊ ပြန်ဆင်းရင် တခါထပ်တောင်းတယ်။ မွေးမယ်ဖွားမယ်ဆိုလည်း ချက်ချင်း ဆီနှစ်ဂါလံ ဝယ်ပေးရတယ်”လို့ အိုင်သပြုဆေးရုံ အခြေအနေကို ဒေသခံက ရှင်းပြပါတယ်။
DNA က အိုင်သပြုဆေးရုံ နဲ့ ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်အကြောင်းကို စုံစမ်းရာမှာ လေးမျက်နှာမြို့နယ်အတွင်း တာဝန်ကျနေတဲ့ သူနာပြုဆရာမတဦးကတော့ ဒေါက်တာသက်မာစိုးဟာ အိုင်သပြုမှာ ပြင်ပဆေးခန်းဖွင့်ထားပေမယ့် ဆက်ဆံရေးကောင်းမွန်သူလို့ ပြောပါတယ်။
“သူက အရမ်းကြီးမဆိုးပါဘူး၊ဆက်ဆံရေးလည်း တော်ပါတယ်။ ဒါပေမယ့် ညီမတို့ကျ ဝန်ထမ်းအချင်းချင်းဆိုတော့ မသိဘူး။ ပြည်သူကို ဆက်ဆံပုံတော့ ကွာမယ်ထင်တယ်။ နာမည်ဆိုးမထွက်ဘူး”လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဆေးရုံမှာ ဆီဖိုးတောင်းတဲ့ ကိစ္စကလည်း ပုံမှန်အခြေအနေလို့ ပြောပါတယ်။
“မီးပျက်တဲ့အချိန်က များတာကိုး ။ မီးမှမလာရင် မှောင်ထဲအလုပ်လုပ်လို့ မရတော့ လူနာဆီက မတောင်း ဘယ်လိုလုပ်မလဲ”လို့ မှတ်ချက်ပေးပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝန်ကြီးဌာနက ဆေးရုံတွေဆီ ဆေးတွေချပေးနိုင်တာမျိုး မရှိတော့ဘူးလို့လည်း သူမက ပြောပါတယ်။
“အခုက အရင်လို မဟုတ်တော့ဘူးလေ ။ ဆေးဈေးတွေကလည်း အရမ်းတက်တာ ။ အာဏာသိမ်းပြီးကတည်းက ဆေးရုံတွေမှာ ဘာမှမရှိတော့ဘူး ။ အရင်ခေတ်ကဆို FOC ဆေးဆိုပြီး ရတာတွေ ရှိတယ် အလကားရတာတွေပေါ့။ ဝန်ကြီးဌာနက ထုတ်ပေးတဲ့ ဆေးတွေ။ အရင်ကဆို ကိုယ်ဝန်ဆောင် အား ဆေးတွေဆို ပေါမှပေါပဲ ။ အခု ဆေးရုံဆေးခန်းတွေကို ပါရာစီတမောတောင် မပေးတော့ဘူး”လို့
ဆိုပါတယ်။