ကွယ်ပျောက်လုနီးဖြစ်လာတဲ့ ပုသိမ်မြို့က ဓနိလုပ်ငန်း

၃၀ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။

ပုသိမ်မြို့ကို အခြေပြုပြီး ရန်ကုန်တိုင်းတွင်းနဲ့ ပုသိမ်-ဟင်္သာ-ကြံခင်း မီးရထားလမ်းတစ်လျောက် ဒေသတွေကို တင်ပို့ ရောင်းချခဲ့တဲ့ ပုသိမ်မြို့က အိမ်မိုးဓနိ ရောင်းဝယ်ရေး လုပ်ငန်းဟာ ကွယ်ပျောက်လုနီးဖြစ်နေပါပြီ။

လက်ရှိမှာ မြို့ပြနဲ့နီးစပ်တဲ့ ကျေးလက်ဒေသတွေအထိတိုင် ဓနိအစားထိုး အိမ်မိုးသွပ်တွေကို အသုံးပြုလာကြပါတယ်။ ဒါ့အပြင် အမြဲတန်းမဟုတ်ဘဲ ရာသီချိန် လုပ်ငန်း ဖြစ်တာကြောင့် ဓနိစိုက်၊ ဓနိခုတ်၊ ဓနိထိုး လုပ်ကိုင်သူတွေဟာ အခြားလုပ်ငန်းကို ပြောင်းရွေ့လုပ်ကိုင်ကြတဲ့အတွက် ပုသိမ်အခြေစိုက် ဓနိရောင်းဝယ်ရေး လုပ်ငန်းပွဲရုံတွေ ယခင်က ၂၀ကျော် ရှိခဲ့ရာ ၁၅နှစ်တာကာလအတွင်း ပွဲရုံ ၅ရုံခန့်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

“ပုသိမ်မှာ ကျောက်ငူရပ်ကွက်က ဓနိလုပ်ငန်း အကြီးအကျယ်လုပ်တဲ့ ရပ်ကွက်ပါ။ ၂၀၀၅ ခုနှစ်မတိုင်ခင်အထိ ရန်ကုန်အပါအဝင် ဒေသအသီးသီးကို တစ်ရာသီမှာ ကျွန်တော့်ပွဲရုံ တစ်ခုထဲတင် ဓနိပျစ်သိန်း ၄၀ကျော် ရောင်းရတယ်၊ လက်ရှိမှာတော့ တစ်နှစ်လုံးမှာ ဓနိပျစ် တစ်သောင်းလောက် ပဲရောင်းရပါတယ်”လို့ ဓနိနဲ့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးသိန်းအောင် က ပြောပါတယ်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသက ဓနိခင်းတွေပါဝင်တဲ့ ဒီရေတောတွေ ပျက်စီးခဲ့တာ၊ ဓနိစိုက်ခင်းနဲ့ ဓနိတောတွေကို လယ်ယာချဲ့ထွင်လာတာနဲ့ ဓနိတံအဖြစ် အသုံးပြုတဲ့ ဝါးရှားပါးလာတာတွေကြောင့် ကုန်ကြမ်းရရှိမှုလည်း တဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။

မြို့ပြဒေသအပါအဝင် မြို့ပြနဲ့နီးတဲ့ ကျေးလက်ဒေသတွေမှာ ဓနိသုံးစွဲမှု နည်းပါးသွားပေမယ့် မွေးမြူရေးခြံတွေ ၊ နေအိမ်တစ်ချို့နဲ့ ပင်လယ်နဲ့နီးတဲ့ ကျေးလက်ဒေသတွေမှာ အပူအအေး မျှတပြီး ဆားငံရေ ဒါဏ်ခံနိုင်တဲ့ ဓနိကိုသာ အမိုးအဖြစ် အသုံးပြုနေစဲဖြစ်တယ်လို့ ဓနိစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။

ရေချိုရေငန် စပ်ဖြစ်တဲ့ ပုသိမ်ခရိုင်အတွင်း ဒေသတွေမှာတော့ ဒေသခံတောင်သူတွေက ရာသီအလိုက် မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ် ဓနိစိုက်ပျိုးရေးလုပ်ကိုင်ကြပြီး ရရှိဝင်ငွေဟာ မိုးစပါးစိုက်ချိန် မိုးရာသီကာလအတွင်း ဝမ်းစာအတွက် အထောက်အပံ့ ရတယ်လို့ ဓနိစိုက်ခင်းပိုင်ရှင် ဦးသောင်းအေးက ရှင်းပြပါတယ်။

မိုးနဲ့ဆောင်းကာလတစ်လျှောက် စိုက်ပျိုးခဲ့တဲ့ ဓနိပင်က ဓနိရွက်တွေကို တပေါင်းလမှာ စခုတ်ပြီး ဓနိတံ၊ဓနိပျစ်တွေ ပြုလုပ် ရောင်းချကြပါတယ်။

တန်ခူး၊ကဆုန်၊နယုန် လတွေဟာ ဓနိ အရောင်းသွက်တဲ့ အချိန်အခါ ဖြစ်ပြီး ဓနိပျစ် အရွယ်အစားအလိုက် ဓနိအပျစ် တစ်ရာ ကို၁၀,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်အထိ ရောင်းဈေးရှိတယ်လို့ အိမ်မိုးဓနိရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။