ဒရုန်းရောင်းတဲ့ ဝဘ်ဆိုဒ်ကရုပ်သံကိုအသုံးပြုပြီး PDFတွေရဲ့ဒရုန်းကို စစ်ကောင်စီကအရှင်ဖမ်းနိုင်ခဲ့လို့ ဝါဒဖြန့်နေတဲ့ သတင်းမှား
ဇူလိုင်လ၊ ၂၅ရက်။
(FactCheck)
စစ်ကောင်စီဒရုန်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေရဲ့ ဒရုန်းကို ပိုက်ကွန်နဲ့အုပ်ပြီးဖမ်းယူနေတဲ့ ရုပ်သံဖိုင်တခုကို “နည်းပညာသိပ်တော်တဲ့(PDF)ဒရုန်းကို တပ်မတော်ဒရုန်းကအရှင်ဖမ်းလိုက်ပုံ” ဆိုတဲ့ (မူရင်းအတိုင်း) ရေးသားထားတဲ့ ရုပ်သံတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီရုပ်သံကို ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၂၃ရက်က စတင်ပြီး user 351955374 ဆိုတဲ့ အကောင့်က Tiktokကွန်ရက်မှာ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၁၉သိန်းဦး၊ reaction ပြုလုပ်သူ၊ ၄သောင်း၈ထောင်ကျော်နဲ့ပြန်လည်မျှဝေသူ ၂၁၁၀ဦးထိရှိနေပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့် – https://archive.ph/0kbnF
ပျံ့နှံ့နေတဲ့ရုပ်သံနဲ့ပတ်သက်ပြီး DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ဒရုန်းရောင်းချတဲ့ ဈေးကွက်က ရုပ်သံကိုယူပြီး ဖြန့်ဝေထားတဲ့ရုပ်သံဖိုက်ဖြစ်တာကိုတွေ့ရတာကြောင့်သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
ရုပ်သံကို စစ်ဆေးကြည့်တဲ့အခါမှာ Black Marketလို့ အမည်ရတဲ့ Tiktok ဒရုန်းရောင်းချတဲ့ အွန်လိုင်းစတိုးအကောင့်မှာတင်ထားတဲ့ ရုပ်သံဖြစ်နေတာကိုတွေ့ရပါတယ်။
Black Market – https://www.tiktok.com/@blackmarket718
Black Market ဆိုတဲ့ ဒရုန်းရောင်းချတဲ့ အကောင့်က ပြီးခဲ့တဲ့ ဇွန်လ၊ ၂ရက်နေ့မှာ အဲ့ဒီရုပ်သံကို စတင်ဖြန့်ဝေထားတာဖြစ်ပြီး “Drones especializados con sistema de Red para capturar drones . . #drones #droneshots #fibraoptica” ( “ဒရုန်းတွေကို ဖမ်းယူဖို့ ကွန်ရက်စနစ်တပ်ဆင်ထားတဲ့ အထူးပြုဒရုန်းတွေ” – မြန်မာဘာသာပြန်ဆိုခြင်း) ဆိုတဲ့ စပိန်ဘာသာစကားနဲ့အတူဖြန့်ဝေထားပါ။
ရုပ်သံလင့် – https://www.tiktok.com/@blackmarket718/video/7511084690938301714
အဲ့ဒီBlack Marketက ရုပ်သံကိုယူပြီး user 351955374 ဆိုတဲ့သူက “NUGနဲ့ ထောက်ပို့လုပ်စားသူများသည် သူတို့အကျိုးစီးပွားအတွက် PDFတွေကို သူရဲကောင်းလေးတွေဟုလည်း မြှောက်ပင့်ပေးသလို၊ နည်းပညာအရမ်းတော်တဲ့ ပညာရှင် လူငယ်လေးတွေဟုလည်း မြှောက်ပင့်ပေးသောအခါ”ဆိုတဲ့စာသားနဲ့အတူပြန်လည်မျှဝေထားတာပါ။
သုံးသပ်ချက်
user 351955374 – Bhone tay za aungဆိုတဲ့ Tiktok အသုံးပြုသူရဲ့အကောင့်ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း နိုင်ငံခြားရုပ်သံဖိုင်တွေကို အသုံးပြုပြီး မကြာခဏဆိုသလို သတင်းအမှားတွေကိုဖြန့်လေ့ရှိသလို လက်ရှိပျံ့နှံ့နေတဲ့ရုပ်သံဖိုင်ကလည်း စပိန်နိုင်ငံက ဒရုန်းအွန်းလိုင်းစတိုးတခုကရုပ်သံဖိုင်ကိုအသုံးပြုပြီး ပြန်လည်မျှဝေထားတာပါ။
ဒါကြောင့် စစ်ကောင်စီက ကွန်ရက်စနစ်တပ်ဆင်ထားတဲ့ဒရုန်းကို အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေရဲ့ ဒရုန်းကို အရှင်ဖမ်းနိုင်ခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်က မှားယွင်းနေပြီး လိမ်လည်တင်ဆက်ထားတဲ့သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNA #DNAFactCheck #FactCheck #manipulated #Drones #peopledefenceforce #military