တောင်ကိုရီးယားမှာ ရေကြီး၊မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၇ဦးထိ ရှိလာ

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဆိုးဆိုးရွားရွားထိခိုက်တဲ့နေရာတွေကို အထူးသဘာဝဘေးဇုန်တွေ သတ်မှတ်ပြီး လျင်လျင်မြန်မြန်အကူအညီပေးနိုင်ဖို့ ညွှန်ကြားထားပါတယ်။

၂၁ ၊ ဇူလိုင်လ

တောင်ကိုရီးယားနိုင်ငံ Gapyeong ဒေသမှ ဇူလိုင်လ ၂၀ရက်နေ့က မိုးသည်းသည်းမည်းမည်းရွာပြီး ရေကြီး ၊ မြေပြိုမှုတွေ ဖြစ်ပွားပြီးနောက် လူ ၂ဦးသေဆုံးပြီး နောက်ထပ် ၅ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Gapyeong ဒေသက အပန်းဖြေစခန်းချတဲ့ ဧရိယာတခုမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ အသက် ၄၀ကျော် အမျိုးသားတဦး သေဆုံးပြီး သူရဲ့ မိသားစုဝင် ၂ဦးလည်း ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

မိုးစရွာတဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက တောင်ကိုရီးယားတနိုင်ငံလုံးမှာ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် သေဆုံးသူ ၁၇ဦးထိ ရှိလာပြီး ၁၁ဦး ပျောက်ဆုံးနေကာ ၊ ဒေသခံ ၁၃,၀၀၀ ကျော် ဘေးလွတ်ရာရွေ့ပြောင်းခဲ့ကြရပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဆိုးဆိုးရွားရွားထိခိုက်တဲ့နေရာတွေကို အထူးသဘာဝဘေးဇုန်တွေ သတ်မှတ်ပြီး လျင်လျင်မြန်မြန်အကူအညီပေးနိုင်ဖို့ ညွှန်ကြားထားပါတယ်။

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းနဲ့ ဗဟိုဧရိယာတွေမှာ မိုးရေချိန်အများအပြားရွာသွန်းခဲ့ပြီး မြို့တော် ဆိုးလ်နဲ့ မြောက်ပိုင်းဒေသတွေမှာတော့ တနင်္ဂနွေနေ့အထိ မိုးဆက်လက်ရွာသွန်းခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ရက်တွေမှာလည်း အပူလှိုင်းဖြတ်နိုင်တယ်လို့ တောင်ကိုရီးယားမိုးလေဝသဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

Ref – Reuters