သင်တန်းတက်ကြောင်း FB တို့ Tik Tok တို့မှာတင်တာမျိုးကိုပါ မလုပ်ဖို့တားထားတယ်။ အဲ့လိုလုပ်မယ်ဆိုရင် နောက်ဆက်တွဲ ကိစ္စတွေရှိလာရင် တာဝန်မယူဘူးပေါ့။ ဒါက အန္တရာယ်ရှိတယ်ပေါ့ ၊ အဲ့လိုတွေပြောတယ် ” လို့ ပြီးခဲ့တဲ့ ၁၇ နဲ့ ၁၈ ရက်က သင်တန်း အပတ်စဉ် ၂ ကို တက်ရောက်ခဲ့သူ ဆရာမတဦးက DNA ကို ပြောပါတယ်။
၂၀၊ဇူလိုင်လ။
စစ်ကာင်စီရဲ့ ဧရာဝတီတိုင်း အစိုးရ အနေနဲ့ စက်နဲ့မဲပေးရမယ့် အီလက်ထရောနစ် မဲပေးစနစ်(MEVM) နဲ့ပတ်သက်ပြီး သင်တန်းတက်ရောက်ဖို့ ဖိအားပေးတာမျိုးတွေ ရှိသလို သင်တန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်ထားဖို့ ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်။
“ သင်တန်းမှာသင်တာတွေ ပြောတာတွေကို ခုချိန်မှာ ဘာမှမပြောသေးဖို့ သေချာတဲ့အချိန်ကြရင် သူတို့ကိုယ်တိုင် ပြောပြပေးမှာဖြစ်တယ်ပေါ့ အဲ့ဒါတွေပြောတယ်။ သင်တန်းတက်ကြောင်း FB တို့ Tik Tok တို့မှာတင်တာမျိုးကိုပါ မလုပ်ဖို့တားထားတယ်။ အဲ့လိုလုပ်မယ်ဆိုရင် နောက်ဆက်တွဲ ကိစ္စတွေရှိလာရင် တာဝန်မယူဘူးပေါ့။ ဒါက အန္တရာယ်ရှိတယ်ပေါ့ ၊ အဲ့လိုတွေပြောတယ် ” လို့ ပြီးခဲ့တဲ့ ၁၇ နဲ့ ၁၈ ရက်က သင်တန်း အပတ်စဉ် ၂ ကို တက်ရောက်ခဲ့သူ ဆရာမတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလ ဝန်းကျင်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပြီး အဲ့ဒီရွေးကောက်ပွဲမှာ မဲခိုးမဲလိမ်တာတွေ မပြုလုပ်နိုင်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီလက်ထရောနစ် မဲပေးစနစ်(MEVM) ကို အသုံးပြုမယ်ဆိုပြီး ခုလိုသင်တန်းတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။
“သူတို့ကတော့ မဲလိမ် မဲခိုးတာမဖြစ်ဖို့ လူအင်အားသုံးရတာကို လျော့ချဖို့အတွက် ဒီစနစ်ကို သုံးတယ်လို့ပြောတယ်။ ကျွန်မတို့ သင်ခဲ့ရသလောက်ကတော့ ဒီစနစ်မှာ ဘယ်လိုမျိုးဖြစ်ရင်တော့ ပယ်မဲအဖြစ် သတ်မှတ်မယ်ဆိုတာကိုတော့ သေချာမသိဘူး။ ဘာလို့ဆို စနစ်မှာက ပယ်မဲဖြစ်စေတာမျိုး မရှိနေဘူး ” လို့ အထက်ပါ ဆရာမနဲ့ မြို့နယ်မတူတဲ့ သင်တန်းအမှတ်စဉ် (၂)ကို တက်ရောက်ခဲ့တဲ့ ဆရာမ တဦးက ဆိုပါတယ်။
“ အရင်တုန်းကဆိုရင် မဲပေးစနစ်က ဘယ်လိုဖြစ်တယ်။ ဘယ်လိုပေးရမယ် စတဲ့ မဲပေးပုံပေးနည်းတွေကို ရွေးကောက်ပွဲကော်မရှင်က သင်တန်းစကတည်းက နီးစပ်ရာကိုပဲ ရှင်းပြ ပြောပြပေးဖို့ အမြဲမှာတယ်။ အခုက ပိုလွယ်တယ် ဒါပေမယ့် မပြောခိုင်းတော့ စိတ်ထဲမလုံသလို ခံစားရတယ် ” လို့ သူမက ထပ်မံ မှတ်ချက်ပြုပါတယ်။
အခြားဒေသတွေထက် ဧရာဝတီတိုင်းမှာ သင်တန်းတက်မယ့်သူတွေကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ငြင်းဆန်ခွင့် မပေးပဲ မပျက်မကွက် တက်ရောက်ဖို့ မြို့နယ် ပညာရေးမှူး ရုံးတွေကနေ ဖိအားပေးညွှန်ကြားတာတွေ ရှိနေတယ်လို့ ဇလွန်မှာတာဝန်ကျနေတဲ့ အလယ်တန်းပြ ဆရာမ တဦးက ဆိုပါတယ်။ဒါပေမယ့် ဧရာဝတီတိုင်းအတွင်းက ပညာရေးဝန်ထမ်း ဘယ်နှစ်ရာခိုင်နှုန်းကို သင်တန်းတက်ဖို့ ညွှန်ထားတယ်ဆိုတာကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“ တခြားတော့မသိဘူး ကျွန်မတို့ဆီကိုတော့ မပျက်မကွက်တက်ရောက်ရမယ်လို့ ပါတယ်။ ခုတော့ မတက်ရသေးဘူး။ နောက်တပတ်ထဲမှာတော့ ကျွန်မလည်း တက်ရမယ်။ ကလေးမွေးဖို့ရှိတာ၊ အပြောင်းအရွေ့ရှိတာလိုမျိုး ဆိုရင်တော့ သင်တန်းကို မတက်ဘူးလို့ ငြင်းလို့ရတယ်။ ကျန်တဲ့သူတွေကတော့ မရဘူးထင်တယ် ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက နယ်မြေဆင်းပြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးတွေ အဆက်မပြတ်ပြုလုပ်နေသလို မြို့ကြီးတချို့မှာလည်း ပြည့်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ တွေက ပါတီရုံးတွေ ဖွင့်လှစ်နေတာမျိုး ပြုလုပ်နေပါတယ်။
စစ်ကောင်စီဟာ ဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် ၂၀၂၄ ခုနှစ်ကတည်းက စီစဉ်နေခဲ့တာဖြစ်ပြီး ဒီနှစ် ဖေဖော်ဝါရီလထဲက စပြီး ဧရာဝတီတိုင်းအတွင်းက မြို့နယ်ပေါင်း ၃၀ မှာ စက်တွေကို စမ်းသပ်မှု ပြုလုပ်ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် မတ်လ ၂၄ ရက်နေ့က မဲပေးခြင်းဆိုင်ရာ နည်းပြသင်တန်း အမှတ်စဉ် (၁)ကို နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းကိုယ်စားပြု တက်ရောက်သူ ၄၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မဲရုံတွေကို တာဝန်ယူကြမယ့် ဆရာ၊ ဆရာမတွေကို စာတွေ့၊ လက်တွေ့ သင်ကြားမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကနေ အမှတ်စဉ် (၁) ကို စတင်ခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွက် သင်တန်း အမှတ်စဉ် တခုကို နှစ်ရက်ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းသား ၁၀၀ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ သင်တန်းအပါစဉ်ကို စုစုပေါင်း ၈ ကြိမ်ပြုလုပ်ဖို့ စီစဉ်ထားပြီး သင်တန်းသား ၈၀၀ ဦးကို သင်ကြားသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။