“ရဲ၀န်ထမ်းက ရဲအလုပ်မလုပ်ဘူး၊ ယာဥ်ထိန်းရဲ အလုပ်တွေလုပ်နေတယ်၊ လုပ်ငန်းသုံးကားဆိုရင် ကားလိုင်စင်၊ လုပ်ငန်း(လိုင်စင်)တောင်းတယ်၊ တင်လာတဲ့ ပစ္စည်းနဲ့ လုပ်ငန်းနဲ့ကွဲလွဲရင် ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံတောင်းတာက နည်းနည်းမဟုတ်ဘူး၊ ကားတစီးကို တသောင်းနဲ့အထက် တောင်းတာပါ” လို့ ယာဥ်မောင်းတဦးက DNA ကို ပြောပါတယ်။
၁၄၊ ဇူလိုင်
ရန်ကုန်နဲ့ ဧရာဝတီတိုင်းကြားရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားတွေကို အရင်ကထက် စစ်ဆေးရေးတင်းကျပ်တာတွေပြုလုပ်နေပြီး ငွေကြေးတောင်းခံတာတွေလည်း ပိုများလာနေတယ်လို့ ခရီးသွားတွေနဲ့ ယာဥ်မောင်းတွေဆီကနေ သိရပါတယ်။
“အရင်ကဆို ကားပေါ်တက်လာစစ်ရင် မှတ်ပုံတင်ထောင်ပြလိုက်ရုံပဲ၊ အခုက ကားသမား(စပယ်ယာ )က မှတ်ပုံတင်တွေလိုက်ကောက်ပြီး ဂိတ်တွေမှာ ဆင်းပေးရတာ၊ အဲမှာ စစ်နေတာက ဆယ်မိနစ်ကျော်လောက်ကြာတယ်” လို့ ဓနုဖြူဒေသခံ လူ ငယ်တဦးက ပြောပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်နဲ့ ရန်ကုန်မြို့ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်က ပန်တိုင်ဂိတ်၊ X Ray ဂိတ်နဲ့ ထန်းတပင်လမ်းခွဲဂိတ်တွေမှာ အခုလို စစ်ဆေးတင်းကျပ်လာတာလို့သိရပါတယ်။
“အိတ်တွေဖွင့်ပြီးစစ်တဲ့အထိတော့ မကြုံရသေးဘူး၊ ကားပေါ်မှာ မှတ်ပုံတင်မပါတဲ့ အန်တီကြီးတွေပါလာလို့ ခေါ်ပြီးစစ်နေတာတောင် တော်တော်ကြာတယ်၊ အိမ်စီးကားနဲ့ဆိုရင်တော့ ဘာမှသိပ်မစစ်ဘူး” လို့လည်း ဓနုဖြူဒေသခံ လူငယ်ကပြောပါတယ်။
အရင်ကလည်း ရန်ကုန်ကနေ ဧရာဝတီဘက်ကိုသွားတဲ့အချိန် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ ဧရာဝတီတိုင်း မှတ်ပုံတင်မဟုတ်တဲ့ သူတချို့ကို တင်းတင်းကျပ်ကျပ်စစ်ဆေးကာ ဧရာဝ တီတိုင်းထဲ အဝင်မခံဘဲ ပြန်လွှတ်တာတွေရှိခဲ့ဖူးပါတယ်။
စစ်ကောင်စီတပ်က အခုနှစ် ဧပြီလလောက်ကစပြီး နိုင်ငံတဝန်းက စစ်ဆေးရေးဂိတ်တွေမှာ PSMS (Person Scrutinization and Monitoring System) နည်းပညာနဲ့လမ်းသွားလမ်းလာတွေရဲ့ အချက်အလက်တွေကို စစ်ဆေးနေပြီး အဲဒီလိုစစ်ဆေးမှုတွေကြောင့် CDM ဝန်ထမ်းတချို့နဲ့ တော်လှန်ရေးမှာ ပါဝင်နေသူတချို့ ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။
အလားတူပဲ ရန်ကုန်-မအူပင် ကားလမ်းပေါ်မှာလည်း စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တခုတိုးလာနေပြီး အဲဒီဂိတ်မှာတော့ ကုန်ကားအသေးတွေဆီကနေပါ ငွေညှစ်တာတွေ မကြာခဏပြုလုပ်နေတယ်လို့ သိရပါတယ်။
“ရဲ၀န်ထမ်းက ရဲအလုပ်မလုပ်ဘူး၊ယာဥ်ထိန်းရဲ အလုပ်တွေလုပ်နေတယ်၊လုပ်ငန်းသုံးကားဆိုရင် ကားလိုင်စင်၊ လုပ်ငန်း(လိုင်စင်)တောင်းတယ်၊ တင်လာတဲ့ ပစ္စည်းနဲ့ လုပ်ငန်းနဲ့ကွဲလွဲရင် ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံတောင်းတာက နည်းနည်းမဟုတ်ဘူး၊ ကားတစီးကို တသောင်းနဲ့အထက် တောင်းတာပါ” လို့ ယာဥ်မောင်းတဦးက DNA ကို ပြောပါတယ်။
ဧရာ၀တီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ် ခတ္တိယတံတား စစ်ဆေးရေးဂိတ်အကျော် ရန်ကုန်တိုင်းဘက်ခြမ်းမှာ စစ်ဆေးရေးဂိတ်တခု ထပ်တိုးလာတာဖြစ်ပြီး အဲဒီဂိတ်မှာ ဘုရားဖူးကားတွေကိုပါမချန် ငွေညှစ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။
“မိသားစု ဘုရားဖူးသွားတဲ့ကားဆို ပိုဆိုးပါတယ် လုပ်ငန်း(သုံး) ကားကို လူတင်လို့ဆိုပြီး တောင်းတာတွေ့ပါတယ်၊ နေပြည်တော် ယာဥ်ထိန်းရုံးက ညွှန်ကြားတာရှိပါတယ် လုပ်ငန်းသုံးတွေကို သာရေးနာ ရေးခွင့်ပြုပေးတာရှိပါတယ်၊ ဒါတွေအထက်ကမသိရှာဘူး၊ အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်နေပါတယ်” လို့ အထက်ပါ ယာဥ်မောင်းက ပြောပါတယ်။