စစ်မှုထမ်းဖို့ လူစုဆောင်းတာ တင်းကျပ်လာတဲ့ရေကြည်မြို့နယ်


“ တရွာလုံးက အမျိုးသားတွေပြေးပြီ။ ရွာထဲမှာလည်း ငိုကြ ယိုကြ သတိလစ်ကြနဲ့ ကမ္ဘာပျက်နေတယ်”လို့ ဘိတ်ရှည်ကျေးရွာဒေသခံတဦးကပြောပါတယ်။

၃၀၊ဇွန်

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်း ၊ ရေကြည် မြို့နယ် အနောက်ခြမ်း အမြောက်တပ် ၃၄၄ အနီးအ နားက ကျေးရွာတွေမှာ စစ်မှုထမ်းဖို့လူစုဆောင်းတာကို စစ်ကောင်စီဘက်က တင်းတင်းကျပ်ကျပ် လုပ် ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမြောက်တပ်၃၄၄နဲ့၁၀ မိုင်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒီဒေသမှာအရင်က စစ်မှုထမ်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အတင်းအကျပ် ခေါ်ဆိုတာတွေ မရှိခဲ့ပါဘူး။

“ အခုအတော်ဆိုးနေပြီ။ လူငယ်တွေလည်းအကုန် ထွက်ပြေးပြီ” လို့ အမြောက်တပ်အနီး မျှော့တူရွာမှာနေထိုင်သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရေနံသာဂိတ်နဲ့ အမြောက်တပ် ၃၄၄ အကြားက ဘိတ်ရှည်ရွာမှာ ဇွန်လ ၂၈ ရက်က စစ်သင်တန်းမတက်ခင် ဆေးစစ်ဖို့အတွက် လူငယ် ၅ ယောက်ကို နာမည်စာရင်းအတိအကျနဲ့ လာရောက်ခေါ်ဆောင်ပါခဲ့တယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း နာမည်စာရင်းပါတဲ့ အဲဒီလူငယ် ၅ ယောက်အနက် ၄ ယောက်ဟာ ထွက်ပြေးသွားခဲ့ပါတယ်။

“ တယောက်က နာတာရှည်ဆေးသောက်နေရတာမလို့ မပြေးနိုင်ဘူး” လို့ ဘိတ် ရှည်ကျေးရွာမှာနေထိုင် သူက ပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ဟာ ထွက်ပြေးသွားတဲ့လူငယ်တွေအစား ကျေးရွာမှာကျန်ရစ်နေတဲ့ အခြားသောလူငယ် တွေကို စာရင်းသွင်းကာ ခေါ်ယူပါခဲ့တယ်။

“ တရွာလုံးက အမျိုးသားတွေပြေးပြီ။ ရွာထဲမှာလည်း ငိုကြ ယိုကြ သတိလစ်ကြနဲ့ ကမ္ဘာပျက်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘိတ်ရှည်ကျေးရွာဟာ အိမ်ခြေ ၃၀ ကျော်သာရှိတဲ့ကျေးရွာလေးဖြစ်ပါတယ်။ ကျေးရွာနေပြည်သူအ များစုဟာ ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေပေမယ့်လည်း ငွေကြေးဆင်းရဲတာကြောင့်ထွက်
မပြေးနိုင်ကြသူတွေပါ။

“ ငါးရှာ ၊ မျှစ်ချိုးနဲ့ ကျပန်းအလုပ်လုပ်ကြတဲ့လူတွေပါ။ တိုက်ပွဲတွေကဖြစ်နေတယ်။ ဒုက္ခတွေရောက်နေ တဲ့အချိန်မှာ စစ်မှုထမ်းကိစ္စကို အတင်းအကျပ်ကြီးမလုပ်သင့်ဘူး” လို့ အမြောက်တပ် ၃၄၄ အနီးမှာနေ ထိုင်သူက ပြောပါတယ်။

ငသိုင်းချောင်းတံတားအနောက်ဘက်ခြမ်းက ကျေးရွာတွေမှာလည်းအရင်က စစ်မှုထမ်းကိစ္စနဲ့ပတ်သက်လို့ မပူမပင်နေထိုင်ခဲ့ကြရတာပါ။

“ပိုက်ဆံခွဲလို့ နှစ်ခါထည့်ဖူးတယ်။ နောက်ပိုင်းခေါ် လည်း မရှိတော့ဘူး ပြေးသွားပြီးပြောလိုက်ကြတာ။ စစ်ရှောင်အနေနဲ့ ပြေးကြတဲ့လူတွေလည်းရှိတော့ ရောပြောလိုက်ကြ တာ။ အခုလို အတင်းအကျပ်မရှိခဲ့ဖူးဘူး”လို့ သီတာကုန်းပြင်ကျေးရွာမှာနေထိုင်သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ရေကြည် မြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာတွေအပါအဝင် တိုက် ပွဲတွေနဲ့ အနီးဆုံးမှာရှိတဲ့ အနောက်ဘက်ခြမ်းက ကျေးရွာတွေအထိ လက်နက်ကိုင်စစ်သားတွေနဲ့အတူ စစ်မှုထမ်းလူငယ်တွေကို နေအိမ်အရောက်လိုက်လံခေါ်ဆောင်နေတာပါ။

“ ပိုက်ဆံမကောက်တော့ဘူး။ နာမည်စာရင်းတွေကောက်ပြီးတော့ မဲနှိုက်ကြတာ။ စစ်မှုထမ်းက ဒီတကြိမ်ခေါ်တာအရမ်းကြမ်းတယ်”လို့ ရေကြည်မြို့နယ် အရှေ့ဘက်ခြမ်း မအူကန်ကျေးရွာအုပ်စုမှာနေ ထိုင်သူက ပြောပါတယ်။