တရုတ်နဲ့ ဗဟိုအာရှ ၅နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူလက်မှတ်ရေးထိုး


ဘေဂျင်းအစိုးရဟာ သဘာဝရင်းမြစ်ကြွယ်ဝတဲ့ ဗဟိုအာရှဒေသတွင်းမှာ ကုန်သွယ်ရေး ၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံ ကဏ္ဍတွေမှာ ပူးပေါင်းဖို့ ကြိုးစားနေတာပါ။

၁၈ ၊ ဇွန်လ ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဗဟိုအာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ သဘောတူစာချုပ်တခုကို ဇွန်လ ၁၇ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဘေဂျင်းအစိုးရဟာ သဘာဝရင်းမြစ်ကြွယ်ဝတဲ့ ဗဟိုအာရှဒေသတွင်းမှာ ကုန်သွယ်ရေး ၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံ ကဏ္ဍတွေမှာ ပူးပေါင်းဖို့ ကြိုးစားနေတာပါ။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း တရုတ်ဟာ ရုရှားလွှမ်းမိုးမှုရှိတဲ့ အဲ့ဒီဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှု မြှင့်တင်ဖို့ ခြေလှမ်းလှမ်းနေတာပါ။ အဓိကကတော့ မဟာဗျူဟာကျတဲ့ နယ်မြေအနေအထားနဲ့ စွမ်းအင်အရင်းအမြစ်တွေကြောင့် ဖြစ်ပါတယ်။

ဇွန်လ ၁၇ရက်နေ့က ကာဇက်စတန်နိုင်ငံ မြို့တော် အာစတာနာမှာ ကျင်းပတဲ့ ထိပ်သီးညီလာခံမှာ “အမြဲတမ်းကောင်းမွန်သောအိမ်နီးချင်းဆက်ဆံရေးနှင့် မိတ်ဆွေသံတမန်ဆက်ဆံရေးအတွက် သဘောတူစာချုပ်” တခုကို တရုတ်သမ္မတ ရှီနဲ့ ကာဇတ်စတန် ၊ ကာဂျစ္စတန် ၊ တာမစ်နစ္စတန် ၊ ဥဇဘက်ကစ္စတန်နိုင်ငံက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

၂၀၂၃ခုနှစ် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ တွေ့ဆုံပြီးနောက် အခုညီလာခံဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ကနေဒါမှာ ကျင်းပနေတဲ့ G7 စက်မှုထိပ်သီး ၇နိုင်ငံ ညီလာခံနဲ့ တပြိုင်နက်တည်း ပြုလုပ်နေတာပါ။

“လက်ရှိအချိန်မှာကမ္ဘာကြီးဟာ ရာစုနှစ်တခုအတွင်းမမြင်ဖူးတဲ့ အရှိန်မြန်မြန်နဲ့ ပြောင်းလဲလာနေပြီး မတည်ငြိမ်မှုနဲ့ ပြောင်းလဲမှုအလားအလာသစ်တစ်ခုထဲကို ဝင်ရောက်လာနေပြီ” လို့ ညီလာခံမှာ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။

အခုနှစ်အတွင်း ဗဟိုအာရှနိုင်ငံတွေရဲ့ လူနေမှုဘဝမြှင့်တင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် တရုတ်အစိုးရက ယွမ် ၁၅၀ ဘီလျံယံကို ပေးအပ်သွားမယ်လို့ ရှီကျင့်ဖျင်က ကတိပြုခဲ့ပြီး၊ ကုန်သွယ်ရေး၊ သတ္တုအရင်းအမြစ်နဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ခိုင်မာတဲ့ ပူးပေါင်းမှုတွေ လုပ်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

၂၀၂၅ ပထမ ၅လအတွင်း တရုတ်နိုင်ငံနဲ့ ဗဟိုအာရှနိုင်ငံ ၅ နိုင်ငံအကြား နှစ်ဖက်ကုန်သွယ်မှု ပမာဏဟာ ယွမ် ၂၈၆.၄၂ ဘီလျီယံအထိ ရောက်ရှိခဲ့ပြီး အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၀.၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ တရုတ်အခွန်ဦးစီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Ref – Reuters
#ဗဟိုအာရှ #တရုတ် #သဘောတူစာချုပ် #လက်မှတ်ရေးထိုး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH