အဓမ္မစစ်သားစုဆောင်းခံခဲ့ရတဲ့ ဇလွန်ဒေသခံတဦး ထားဝယ် PDF ထံ ခိုလှုံ

“ စစ်ကောင်စီတပ်ထဲသူနဲ့ ဆုံတွေ့ခဲ့ရသူတွေထဲမှာလည်းသူ့လိုပဲ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရသူ အများအပြားရှိနေပြီး အဲဒီလူတွေကိုလည်း သူ့လိုရုန်းထွက်နိုင်အောင်ကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။ “

၁၇၊ ဇွန်

-စစ်ကောင်စီတပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံခဲ့ရတဲ့ ဧရာဝတီတိုင်း၊ ဇလွန်ဒေသခံတဦး ပြီးခဲ့တဲ့ မေလတုန်းကလက်နက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းထံ အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ အဲဒီတပ်ရင်းဆီကနေ သိရပါတယ်။

“တာဝန်နဲ့ ရှေ့တန်းကို ရောက်နေတဲ့အချိန် ကင်းစောင့်ခိုင်းထားတုန်း ထွက်ပြေးလာခဲ့တာ”လို့ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

အခုလို အလင်းဝင်လာသူဟာ အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားတဦးဖြစ်ပြီး ဇလွန်ကနေ မော်လမြိုင်အသွား အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရတာလို့ သိရပါတယ်။

!!!ဇလွန်ကနေ မော်လမြိုင်ကို အလုပ်လာလုပ်တာ၊ ရောက်ရောက်ချင်းပဲ ရထားဘူတာမှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ပြီးတော့ ဆွဲခံရတာ” လို့ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း တာဝန်ရှိသူတဦးနဲ့ မေးမြန်းခန်းမှာ  အလင်းဝင်လာတဲ့ အဲဒီအမျိုးသားက ပြောထားပါတယ်။

အဲဒီနောက် တနင်္သာရီတိုင်း၊ ပလောက်မြို့မှာရှိတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက) ၁၂ မှာ စစ်မှုထမ်းအပတ်စဥ် ၈ အနေနဲ့ သင်တန်း သုံးလတက်ခဲ့ရပြီး အခုနှစ် ဇန်နဝါရီလထဲကမှ မြိတ်အခြေစိုက် ခလရ ၁၇ မှာ တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။

သူနဲ့အတူ ချေမှုန်းရေးရိုင်ဖယ် MA 1 တလက်၊ ကျည်အိမ် ခြောက်ခု၊ ကျည်ဆန် ၁၅၀ ကျော်နဲ့ ခြေနင်းမိုင်း တလုံးပါ ယူဆောင်လာနိုင်ခဲ့ပြီး ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းဘက်ကလည်း ငွေကျပ်သိန်းငါးဆယ် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့ရင်ထဲရှိတာ ပြောပြရရင်တော့ ကျွန်တော် ဒီထဲမှာပဲ စိတ်အားထက်သန်တယ်၊ ဒီကနေပြီးတော့မှ ပြန်ပြီးတော့ ဟိုကောင်တွေ(စစ်တပ်)ကို ပြန်တွန်းလှန်တိုက်ခိုက်ချင်ပါတယ်” လို့လည်း အဲဒီအမျိုးသားက ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ထဲ သူနဲ့ ဆုံတွေ့ခဲ့ရသူတွေထဲမှာလည်း သူ့လိုပဲ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရသူ အများအပြားရှိနေပြီး အဲဒီလူတွေကိုလည်း သူ့လို ရုန်းထွက်နိုင်အောင်ကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။

PDF ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဘက်ကတော့ စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူတွေကို ကြိုဆိုနေမှာဖြစ်ပြီး ခိုလှုံလာချင်သူတွေအနေနဲ့ သူတို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ပြောထားပါတယ်။

အလားတူ အခုနှစ်အတွင်းမှာပဲ စစ်သားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရတဲ့ ဧရာဝတီတိုင်းထဲက လူငယ်တဦး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးကတည်းကနေ နိုင်ငံတဝန်း တပ်သားအသစ်တွေ ဆက်တိုက်စုဆောင်းလာခဲ့ရာ စစ်ကောင်စီက အပြည့်အဝနီးပါး ထိန်းချုပ်ထားနိုင်တဲ့ ဧရာဝတီတိုင်းဟာ တပ်သားအသစ် အများဆုံးစုဆောင်းခံရတဲ့ ဒေသတွေထဲက တခုဖြစ်လာပါတယ်။

အဲဒီလို စုဆောင်းခံရတဲ့သူတွေထဲ စစ်မှုထမ်း မဲနှိုက်လို့ပေါက်တဲ့သူတွေ၊ ပိုက်ဆံယူပြီး အစားလိုက်ပေးတဲ့သူတွေအပြင် အခုအလင်းဝင်လာတဲ့ သူလိုပဲ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခံခဲ့ရသူတွေလည်း အများအပြားပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း စစ်မှုထမ်း အပတ်စဥ် ၁၄ သင်တန်းအတွက် ဧရာဝတီတိုင်း ဒေသအသီးသီးကနေ စုဆောင်းထားတဲ့ သင်တန်းသားအသစ်တွေကို ပုသိမ်တပ်နယ်ရှိ အားကစားခန်းမမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်တို့ ဦးဆောင်တဲ့အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းအပတ်စဥ် တခုချင်းစီအတွက် တပ်သားအသစ် ငါးထောင် စုဆောင်းနေတယ်လို့ ပြောထားပြီး ဧရာဝတီတိုင်းကတော့ အပတ်စဥ်တခုစီအတွက် တပ်သားအသစ် ငါးရာဝန်းကျင် စုဆောင်းခံနေရပါတယ်။