ကွင်းကောက်မြို့အနီး ရွာချင်းဆက်လမ်းတွေပေါ်မှာ စစ်တပ်က စစ်ဆေးမှုတွေ လုပ်နေ

 

“တမြို့နယ်လုံးမှာ တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့ မကြားသေးဘူး ။ ကွင်းကောက် အနီးဝန်းကျင်တွေ စစ်ဆေးတာက စစ်ရေးအရ ဖြစ်မယ် ။ ဘာလို့လဲဆိုတော့ လာမယ်ဆိုလည်း အဲဒီဘက်တွေက လာနိုင်တယ်ဆိုပြီး သူတို့က ယူဆထားတာကိုး”လို့ ဦးဘိုဘိုဇင်က ပြောပါတယ်။

၉၊ဇွန်လ။

ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ်မှာ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့တွေက မေလ ဒုတိယပတ်က စပြီး ကျေးရွာချင်းဆက် လမ်းတွေအထိ စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

“အရင်က ပုသိမ် – မုံရွာ လမ်းပေါ်မှာပဲ အစစ်အဆေးရှိတာလေ။ ရွာတွေထိ ဆင်းလာတော့ လန့်ကုန်ကြ တာပေါ့” လို့ လင်းလွန်ပင်ကျေးရွာ အုပ်စုမှာ နေထိုင်သူက ပြောပါတယ်။ အဲဒီလို အစစ်အဆေးတွေ လုပ်တဲ့နေ့တွေမှာဆို ရွာမှာရှိတဲ့ အမျိုးသားတွေ အပြင်မထွက်ကြဘူးလို့ ပြောပါတယ်။

အဲဒီလိုစစ်ဆေးမှုတွေက အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့ အနီးက ပိန္နဲကွင်း ၊ ကံကွင်း ၊ လင်းလွန်းပင်၊ ကွင်းလှ ၊ သပြေကုန်း အစရှိတဲ့ ကျေးရွာတွေရဲ့ ကျေးရွာချင်းဆက် လမ်းတွေ အထိဆင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“အဲဒါတွေက ဝစ်သောက်စစ်တာ ဆိုတာထက် စစ်ရေးမစ်ရှင် ဖြစ်မယ်။ပြီးခဲ့တဲ့ ၃ ရက်လောက်က စစ်ရေးမစ်ရှင်အရ အဲဒီလို ကွင်းပတ်တယ်၊ လမ်းတွေ့တဲ့ ဆိုင်ကယ်တွေ စစ်တယ် အဲဒီလိုမျိုးတွေ ကြားတယ်”လို့ အင်္ဂပူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က သုံးသပ်ပါတယ်။

အဲဒီလို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ လက်နက်အပြည့် ကိုင်ဆောင်ထားတဲ့ စစ်သားနဲ့ ရဲ အနည်းဆုံး ၅ ဦးခန့်ပါဝင်ပြီး ကျေးရွာချင်းဆက် လမ်းပေါ်မှာ တွေ့သမျှကို စစ်ဆေးမှုတွေ ပြုလုပ်တာလို့ သိရပါတယ်။

“နေ့တိုင်း စစ်တာမျိုးတော့မဟုတ်ဘူး။ အပတ်တိုင်းတော့ စစ်တာရှိတယ်။ တစ်ခါတလေ တပတ် ၃ ရက် လောက် မြင်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

အင်္ဂပူမြို့နယ်ထဲမှာ အင်္ဂပူ၊ကွင်းကောက်၊မယ်ဇလီကုန်း၊အုတ်ရှစ်ကုန်း၊ထူးကြီးမြို့တွေမှာ စစ်တပ်က အထိုင်ချထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ကွင်းကောက်မြို့မှာတော့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက ၅ ) ရှိနေပြီး တော်လှန်ရေး အင်အားစုတွေက မြို့အနီး ၅ မိုင်ဝန်းကျင်အထိ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

“တမြို့နယ်လုံးမှာ တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့ မကြားသေးဘူး ။ ကွင်းကောက် အနီးဝန်းကျင်တွေ စစ်ဆေးတာက စစ်ရေးအရ ဖြစ်မယ် ။ ဘာလို့လဲဆိုတော့ လာမယ်ဆိုလည်း အဲဒီဘက်တွေက လာနိုင်တယ်ဆိုပြီး သူတို့က ယူဆထားတာကိုး”လို့ ဦးဘိုဘိုဇင်က ပြောပါတယ်။

မေလ ဒုတိယပတ်ဝန်းကျင်လောက်က စပြီး လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်အကြား ပုသိမ်-မုံရွာလမ်း တဖက်တချက်ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲ ဖြစ်တာတွေ ကြို့ကြား ကြို့ကြားသာ ရှိနေပေမယ့် ကွင်းကောက်မြို့ အနီးတဝိုက်မှာ စစ်တပ်ဘက်က လုံခြုံရေး တပ်ကြပ်မှုတွေကို ကျေးရွာချင်းဆက်လမ်းတွေ အထိပြုလုပ်နေတာ ဖြစ်ပါတယ်။

“ကွင်းကောက်မြို့ပေါ်မှာတော့ အုပ်ကြီးက ပြည်သူ့စစ်ဖွဲ့ပြီး ဟန်ရေးပြနေတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဟာ ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီး အမတ ၃၄၄ အနီးနဲ့ ၊ စက်စက်ယိုကျေးရွာ အနီးဝန်းကျင်တွေမှာ ဖြစ်ပေါ်နေပြီး စစ်တပ်က လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေပါတယ်။