“ အရင်ကတည်းကလည်း အလုပ်သမားအခွင့်အရေး အပြည့်အဝမရခဲ့ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဆိုးလာတယ် စက်ရုံထဲမှာ ဆန္ဒပြတာ အခွင့်အရေးတောင်းဆိုတာမျိုးတွေလုပ်ရင် စစ်တပ်ကနေ လာဖမ်းတာ အကြမ်းဖက်တာ ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ ဖြစ်ခဲ့တယ်။ ဖြစ်နေတယ် ” လို့ LHEO ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ မခခ က DNA ကိုပြောပါတယ်။
၈၊ဇွန်လ။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)က မြန်မာနိုင်ငံကို article 33 နဲ့အရေးယူနိုင်ဖို့ လှုပ်ရှားမှုတွေထဲမှာ ဧရာဝတီတိုင်းထဲက စက်ရုံတွေလည်း ပါဝင်ခဲ့တယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့ (LHEO) ကပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ အထည်ချုပ်နဲ့ ပတ်သက်တဲ့ စက်ရုံ ၁၃ ရုံနဲ့ သိုးမွှေးချည် စက်ရုံ ၂ ရုံ စုစုပေါင်း ၁၅ ရုံရှိပြီး အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ ၃ ရုံက အလုပ်ရပ်နားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ စက်ရုံ ၁၂ ရုံဟာ အလုပ်သမား တစ်သောင်းကျော်နဲ့ လည်ပတ်လျှက်ရှိနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းက အထည်ချုပ်စက်ရုံတွေဟာ စပြီးတည်ထောင်ကတည်းက အလုပ်သမား အခွင့်အရေးချိုးဖောက် ခံရတာတွေရှိနေခဲ့ပြီး အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာတော့ ပိုမိုဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ဆက်တိုက်ခံခဲ့ရတာကြောင့် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်(COI)ရဲ့ အစီရင်ခံစာမှာ တစိတ်တပိုင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
“ အရင်ကတည်းကလည်း အလုပ်သမားအခွင့်အရေး အပြည့်အဝမရခဲ့ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဆိုးလာတယ် စက်ရုံထဲမှာ ဆန္ဒပြတာ အခွင့်အရေးတောင်းဆိုတာမျိုးတွေလုပ်ရင် စစ်တပ်ကနေ လာဖမ်းတာ အကြမ်းဖက်တာ ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ ဖြစ်ခဲ့တယ်။ ဖြစ်နေတယ် ” လို့ LHEO ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ မခခ က DNA ကိုပြောပါတယ်။
ILO ရဲ့ article 33 ဆိုတာဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ၊ အတင်းဖိအားပေး ခိုင်းစေမှုတွေ၊ ကလေးစစ်သား ခိုင်းစေမှုတွေ စတဲ့ ကိစ္စရပက်တွေအပေါ် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထုတ်ပြန်ပြီး အဲ့ဒီအစီရင်ခံပါ အကြံပြုချက်တွေကို မလိုက်နာတာကြောင့် အရေးယူတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တိကျတဲ့ သတ်မှတ်ချက်မျိုးတွေ မရှိသေးပေမယ့် ၂၀၀၀ ခုနှစ်တုန်းက ကလေးစစ်သားခိုင်းစေမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံပေါ် article 33 နဲ့ အရေးယူခဲ့တုန်းကတော့ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
“ ILO ကနေ ဒီလိုအရေးယူပေးဖို့ ကြိုးစားခဲ့ကြတယ်ဆိုတာက အလုပ်သမားရေးတွေ အတွက်လည်းပါသလို ဒီပိတ်ဆို့မှုတွေမှာ လေယာဉ်ဆီတင်သွင်းတဲ့ ကိစ္စကို အနည်းနဲ့အများတားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါပါတယ် ” လို့ ပြည်တွင်းမှာနေထိုင်ပြီး အလုပ်သမားရေးတွေ ကူညီဆောင်ရွက်နေဆဲ အမည်မဖော်လိုသူ တဦးက ဆိုပါတယ်။
ဒီဒဏ်ခတ်မှုဟာ စစ်ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီထက် အလုပ်သမားနဲ့ အခြေခံလူတန်းစားတွေကိုပဲ ထိခိုက်လာမှာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပေမယ့် စစ်ကောင်စီကိုလည်း သက်ရောက်မှု ကြီးနိုင်တယ်ဆိုတာကိုတော့ အလုပ်သမားရေး လှုပ်ရှားကြသူတွေ အားလုံးက တူညီစွာ ဖြေကြားထားကြပါတယ်။