“အခု ကျွန်တော်တို့ အနောက်ပစိဖိတ်ဒေသ (ဖိလစ်ပိုင်နိုင်ငံ) မှာ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ အမြင့်ဆုံးရှိနေပါပြီ”လို့ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး Ted Herbosa က ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
၄၊ ဇွန်
ဖိလစ်ပိုင် ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေဟာ နိုင်ငံအတွင်း HIV ပိုးကူးစက်မှု မြင့်တက်လာတာကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပြီး အထူးသဖြင့် လူငယ်အမျိုးသားတွေမှာ ကူးစက်မှု ပိုများနေတယ်လို့ ဇွန်လ ၃ ရက်နေ့၊ အင်္ဂါနေ့မှာ အသိပေးလိုက်ပါတယ်။
ကျန်းမာရေး ဌာနရဲ့ အသိပေးချက်အရ လူဦးရေ ၁၁၇ သန်းရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၅ ခုနှစ်ရဲ့ ပထမသုံးလအတွင်း တစ်နေ့ကို ပျမ်းမျှ HIV ပိုးကူးစက်မှုအသစ် ၅၇ ခုဖြစ်ပွားပြီး ဒါဟာ အရင်နှစ်ကထက် ၅၀ ရာခိုင်နှုန်း ခုန်တက်သွားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခု ကျွန်တော်တို့ အနောက်ပစိဖိတ်ဒေသ (ဖိလစ်ပိုင်နိုင်ငံ) မှာ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ အမြင့်ဆုံးရှိနေပါပြီ”လို့ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး Ted Herbosa က ရုပ်သံဗီဒီယိုတခုမှာ ပြောခဲ့ပါတယ်။
အဲဒီလို ကူးစက်မှုအမြင့်ဆုံးဖြစ်နေတဲ့အထဲမှာ လူငယ်တွေအများဆုံး ပါဝင်နေတာက စိုးရိမ်စရာ အကောင်းဆုံးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါကြောင့်လည်း အသစ်တိုးလာတဲ့ HIV ကူးစက်မှု အရေအတွက်ကို လျှော့ချဖို့၊ လူထုနဲ့ အစိုးရအဖွဲ့အစည်းက အပြည့်အဝ ပါဝင်လာအောင် ဆောင်ရွက်ဖို့အတွက် အခုလို HIV နဲ့ ပတ်သက်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ဟာ အကျိုးရှိမှာ ဖြစ်တယ်လို့ Ted Herbosa က ပြောပါတယ်။
ကျန်းမာရေးဌာရဲ့ အစီရင်ခံချက်တွေမှာ အခုအသစ်တိုးလာတဲ့ HIV ကူးစက်ခံရသူ ၉၅ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်နေပြီး အဲ့ဒီထဲက ၃၃ ရာခိုင်နှုန်းကတော့ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း၊ ၄၇ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အတွင်း ရှိသူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဖိလစ်ပိုင် အစိုးရဟာ HIV ကူးစက်မှုတွေ တိုးလာတဲ့ နောက်ကွယ်က အကြောင်းအရင်းကို မရှင်းပြပေမဲ့ ၂၀၃၀ ခုနှစ်မှာ AIDS ရောဂါ အဆုံးသတ်ရေး ကုလသမဂ္ဂရဲ့ ကမ်ပိန်းလှုပ်ရှားမှု ရည်မှန်းချက် ပြည့်မီဖို့ ကြိုးပမ်းရာမှာ နောက်ကြောင်းပြန် သက်ရောက်နေတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အများစုဟာ လိင်ဆက်ဆံမှုကနေ ကူးစက်တာဖြစ်ပြီး ၂၀၀၇ ခုနှစ် ကတည်းက မှတ်တမ်းအရ အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှုကနေ အများဆုံးဖြစ်တာလို့ ဆိုထားပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး ဖိလစ်ပိုင်မှာ HIV ဖြစ်ပွားမှုအရေအတွက် တဖြည်းဖြည်း မြင့်တက်လာနေပြီး ဒီနှစ်ကုန်မှာ HIV ပိုးကူးစက်သူ ၂၅၂,၈၀၀ ခန့် ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဖိလစ်ပိုင်မှာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် နောက်ဆုံးကြေညာခဲ့တာဟာ ၂၀၂၀ ခုနှစ် COVID-19 ကပ်ရောဂါကာလမှာ ဖြစ်ပါတယ်။
Ref – AFP