ယူကရိန်း သမ္မတ ဇေလန်းစကီးကတော့ သူ့ရဲ့ ညနေခင်းမိန့်ခွန်းမှာ အခုစစ်ဆင်ရေးအတွက် ဒရုန်းအစင်းရေ ၁၁၇ စင်းကို အသုံးပြုခဲ့ပြီး ရုရှားရဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့ FSB ရုံးချုပ်အနီးမှာရှိတဲ့ ရုံးတစ်ခုထဲကနေ စစ်ဆင်ရေးကို အနီးကပ်လုပ်ဆောင်ခဲ့တာလို့ ပြောခဲ့ပါတယ်။
၂၊ ဇွန်
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင်မှာပဲ ရုရှားပိုင်နက်တွင်းက လေယာဉ်အစင်း ၄၀ ကျော်ကို ယူကရိန်းက တိုက်ခိုက်ဖျက်ဆီးလိုက်တယ်လို့ ယူကရိန်း လုံခြုံရေးဌာနက ဇွန်လ ၁ရက်နေ့မှာ ပြောပါတယ်။
စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို AP သတင်းဌာနကို ထုတ်ပြောရာမှာ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက အခုစစ်ဆင်ရေးဟာ တစ်နှစ်ခွဲကျော် အချိန်ယူခဲ့ရပြီး ယူကရိန်းသမ္မတ ဇေလန်းစကီးကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။
အခုစစ်ဆင်ရေးမှာ အသုံးပြုထားတဲ့ FPV (first – person view)ဒရုန်းတွေကို ရုရှားနိုင်ငံထဲဆီရောက်အောင် မှောင်ခို တင်သွင်းတာအပါအဝင် ရှုပ်ထွေးလှတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ် ၊ ဒရုန်းတွေကို အလွယ်တတူရွေ့လို့တဲ့ သစ်သားအိမ်တွေထဲထည့်ကာ ထရပ်ကားပေါ်မှာ တင်ပြီး အဲ့ဒီနောက် အဖုံးတွေကိုတော့ အဝေးထိန်းစနစ်နဲ့ဖွင့်ပြီး စစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ သူက ဆက် ပြောပါတယ်။
ယူကရိန်း သမ္မတ ဇေလန်းစကီးကတော့ သူ့ရဲ့ ညနေခင်းမိန့်ခွန်းမှာ အခုစစ်ဆင်ရေးအတွက် ဒရုန်းအစင်းရေ ၁၁၇ စင်းကို အသုံးပြုခဲ့ပြီး ရုရှားရဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့ FSB ရုံးချုပ်အနီးမှာရှိတဲ့ ရုံးတစ်ခုထဲကနေ စစ်ဆင်ရေးကို အနီးကပ်လုပ်ဆောင်ခဲ့တာလို့ ပြောခဲ့ပါတယ်။
အခုစစ်ဆင်ရေးကြောင့် ရုရှားလေဆိပ်လေးခုက A-50 ၊ Tu-95 နဲ့ Tu-22M အမျိုးအစားအပါအဝင် တိုက်လေယာဉ် ၄၁စင်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်ပွဲအတွင်း Tu-95နဲ့ Tu-22 တာဝေးပစ် ဗုံးကြဲ လေယာဉ်တွေကို အသုံးပြုခဲ့ပြီး A-50s လေယာဉ်ကိုတော့ ပစ်မှတ်ချိန်ညှိတာ ၊ လေကြောင်းကာကွယ်ရေးစနစ်တွေကို ဖော်ထုတ်တာနဲ့ မစ်ဇိုင်းဒုံးကျည်တွေကို လမ်းညွှန်တာ စတဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုခဲ့ပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို “Web” လို့ အမည်ပေးထားပြီး ရုရှားရဲ့ တိုက်ခိုက်ရေးလေယာဉ်အုပ်စုရဲ့ ၃၄ရာခိုင်နှုန်းလောက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ဘီလီယံလောက် ဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးဌာနက မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ချက်နဲ့ပတ်သတ်လို့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ AP သတင်းဌာနက ဆိုပါတယ်။
Ref – AP