ယနေ့ ဧရာဝတီမြစ်ဝကျွန်းပေါ် နေရာကွက်ပြီး မိုးကြီးနိုင်

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုတ်သုန်လေအားကောင်းရာကနေ အားအလွန်ကောင်းနေတာကြောင့် ဒီကနေ့ မေလ ၃၁ ရက်နေ့မှာတော့ ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် မိုးတိမ်တောင်တွေဖြစ်ပေါ်နေတာမို့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်၊ ကရင်၊ ချင်း နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေရွေ့လျားရာ လမ်းတလျှောက်မှာ မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိထားကြဖို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မုတ်သုန်လေ အားအလွန်ကောင်းနေတာကြောင့် ကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းများကျနိုင်ပြီး ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် ၄၀ ထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်ဟာလည်း ၁၄ ပေထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။