ပိုးသက်ဆေးတွေလည်း မတိုးတော့ဘူး။ မိုးများတော့ ဆေးအာနိသင်ကလည်း သိပ်မစွမ်းဘူး” လို့ ကျိုက်လတ်မြို့နယ်ထဲက လယ်သမားက ပြောပါတယ်။
၃၁၊မေလ။
ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်နဲ့ ကျိုက်လတ်မြို့နယ်မှာ မိုးစပါးစိုက်ပျိုးဖို့အတွက် လယ်သမားတွေ စပါး ပင်ပျိုးထောင်တဲ့အခါမှာ ခရုတွေကိုက်တာကြောင့် ပျိုးစပါးပင်တွေ ပျက်ဆီးမှုဖြစ်ပွားနေပါတယ်။
“တဧက နီးပါးလောက် ပျိုးထောင်ထားတာ။ ပျိုးစေ့ဖိုးရော ၊ ပိုးသက်ဆေးဖိုးရော ၊ လုပ်အားခရော ၂ သိန်းကျော်လောက်ကုန်တယ်။ တပင်မှ မရှိတော့ဘူး” လို့ မအူပင်မြို့နယ်ထဲက လယ်သမားတဦး ကပြောပါတယ်။
ခရုတွေဟာ နှစ်စဉ်နှစ်တိုင်း စပါးပင်တွေကို ကိုက်ဖျက်နေကျဖြစ်တယ်လို့လည်း သူကဆက်ပြောပါ တယ်။ “ ပိုးသက်ဆေးတွေလည်း မတိုးတော့ဘူး။ မိုးများတော့ ဆေးအာနိသင်ကလည်း သိပ်မစွမ်းဘူး” လို့ ကျိုက်လတ်မြို့နယ်ထဲက လယ်သမားက ပြောပါတယ်။
လက်ရှိအချိန်မှာ စပါးပျိုးခင်းတချို့ အားလုံးပျက်ဆီးသွားခဲ့ပြီး တချို့သော ပျိုးခင်း တွေကတော့ ကွက်ကျားအနေနဲ့ ခရုကိုက်တဲ့ဒဏ်ကနေ ကင်းလွတ်တာမျိုး ရှိနေပါတယ်။ “အချိန်မီအောင် ပျိုးခင်းပြန်လုပ်ရဦးမယ်” လို့ သူကဆိုပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လယ်ယာစိုက်ပျိုးတဲ့အခါ ကုန်းကွင်း ၊ ရေနက်ကွင်းဆိုပြီး နှစ်မျိုးရှိပါ တယ်။ အခုလက်ရှိ စပါးပင်တွေကို ခရုတွေအများဆုံး ကိုက်ဖျက်ဆီးနေတာကတော့ ရေနက်ကွင်းမှာပါ။ “ကုန်းကွင်းဘက်မှာ ရေနည်းတဲ့အခါကျတော့ ဆေးအာနိသင်ကတိုးတယ်” လို့ ကျိုက်လတ်မြို့နယ်မှာ နေထိုင်တဲ့ လယ်သမားက ပြောပါတယ်။
ခရုအန္ဒရာယ်ကြောင့် စပါးပျိုးပင်ထောင်ဖို့ အချိန်မမီတော့ဘူးဆိုရင် လယ်သမားတွေဟာ စိုက်ခင်း အနေနဲ့ မိုးစပါးကို မဖြစ်ဖြစ်အောင် စိုက်ပျိုးကြရမှာပါ။ စပါးပျိုးပင်ရရှိခဲ့ရင်တော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ အ စဉ်အလာအရ ပျိုးပင်တွေကိုနှုတ်ယူပြီး ပြန်လည်စိုက်ပျိုးကြပါတယ်။
မိုးစပါးဟာ လယ်သမားတွေအတွက် အထွက်နှုန်း နည်းပေမယ့်လည်း သက်ကြီးစပါးအဖြစ် ဈေးကောင်းရတဲ့ အပြင် စိုက်ပျိုးချိန်မှာလည်း ဓာတ်မြေဩဇာဖိုးသက်သာတာ ၊ ရေမောင်းတင်ရတဲ့ စရိတ်သက်သာတာ စတဲ့ အားသာချက်တွေ ရှိပါတယ်။
ပြီးခဲ့တဲ့ နွေစပါးနဲ့ ဆောင်းစပါးမှာတော့ စပါးဈေးနှုန်းကျဆင်းပြီး အထွက်နှုန်းနည်းခဲ့တာကြောင့် ဧရာဝ တီမြစ်ဝကျွန်းပေါ်က လယ်သမားတွေ အရှုံးပေါ်ခဲ့ပါတယ်။