မြောက်ကိုရီးယားစစ်တပ်ဟာ စစ်ပွဲအတွက် ပြင်ဆင်ထားရမယ်လို့ ခေါင်းဆောင် ကင်ဂျုံအွန်းပြော

 

ကင်ဂျုံအွန်းဟာ အထူးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လိုက်လံကြီးကြပ် ပြီးနောက် မြောက်ကိုရီးယားအနေနဲ့ ခေတ်မီစစ်ပွဲတွေ အားလုံးအတွက် အသင့်ဖြစ်ရမယ်လို့ ပြောခဲ့တာပါ။

၁၆၊ မေ

နိုင်ငံ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အဓိက အရေးအကြီးဆုံး တာဝန်ဟာ စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ထားဖို့ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ပြောကြားခဲ့တယ်လို့ မေလ ၁၄ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။

ကင်ဂျုံအွန်းဟာ အထူးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လိုက်လံကြီးကြပ် ပြီးနောက် မြောက်ကိုရီးယားအနေနဲ့ ခေတ်မီစစ်ပွဲတွေ အားလုံးအတွက် အသင့်ဖြစ်ရမယ်လို့ ပြောခဲ့တာပါ။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ မြေပြင်၊ လေကြောင်းနဲ့ ရေကြောင်းလေ့ကျင့်မှုတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

ခေါင်းဆောင်ကင်ကတော့ အခု စစ်ရေးလေ့ကျင့်မှုတွေဟာ ပြီးပြည့်စုံတဲ့ စစ်ရေးနဲ့ နည်းစနစ်ဆိုင်ရာ ပြင်ဆင်မှုတွေအဖြစ် ရှုမြင်ပြီး ထိရောက်တဲ့ တိုက်ခိုက်မှုနဲ့ အောင်မြင်တဲ့ လက်နက်ယန္တရားစနစ်ကို မြှင့်တင်ပေးနေတာ ဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်မြေပြင်မှာ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့အတူတကွ တိုက်ခိုက်ခဲ့တယ်လို့ ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မကြာသေးခင်က အတည်ပြုထားပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားဆီကကို တပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့် စေလွှတ်ခဲ့ပြီး အဲ့ဒီထဲက ၆၀၀ ခန့် သေဆုံးကာ ၄,၁၀၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသား စုံစမ်းထောက်လှမ်းရေးဌာနက ဧပြီ ၃၀ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ်ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မကြိုက်ကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ မတ်လက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်လေ့ကျင့်တာတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Ref – Reuters