လာမယ့် ၂၀၂၅ – ၂၀၂၆ စာသင်နှစ်မှာ ကျောင်းလိုအပ်ချက်တွေအတွက် ကျောင်းသားမိဘတွေဆီက ငွေကြေးကောက်ခံမှုတွေ လျော့နည်းစေချင်တယ်လို့ ဧရာဝတီတိုင်းက ကျောင်းသား မိဘတွေက DNA ကို တူညီစွာ ဖြေကြားခဲ့ကြပါတယ်။
၁၆၊မေ
မကြာခင်မှာ ပြန်လည်ဖွင့်လှစ်တော့မယ့် ကျောင်းဖွင့်ရာသီအတွက် ဘာတွေ စိုးရိမ် ပူပန်မှုတွေရှိနေလဲ၊ ဘာတွေပြင်ဆင်ထားကြပြီလဲဆိုတဲ့ မေးခွန်းကို DNA က ဧရာဝတီတိုင်း ညောင်တုန်း၊ မြောင်းမြ၊ ဇလွန်၊ ရေကြည်၊ ကျုံပျော်နဲ့ ဒေးဒရဲ မြို့နယ်တွေမှာ နေထိုင်ကြတဲ့ ကျောင်းသားမိဘ ၁၂ ဦးကို မေးမြန်းခဲ့တာပါ။
၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တုန်းက ကျောင်းတွေကနေ အကြောင်းအရာ ပေါင်းစုံနဲ့ ငွေကြေးကောက်ခံမှုဟာ ကျောင်းသား တဦးအတွက် အနည်းဆုံး ၂ သိန်း ဝန်းကျင် ကုန်ကျတယ်လို့ ဒီကျောင်းသားမိဘတွေက ဆိုပါတယ်။
ဒါကြောင့် ဒီစာသင်နှစ်မှာ ကျောင်းက ကျခံရမယ့် ဝှိုက်ဘုတ်လိုမျိုး၊ မာကာ လိုမျိုး အခြေခံကျောင်း အသုံးအဆောင်တွေ၊ သင်ထောက်ကူတွေနဲ့ ပတ်သက်တာတွေကို ကျောင်းကသာကျခံပေးစေလိုကြပြီး ကျောင်းပွဲလမ်းသဘင်တွေကိုလည်း လျှော့စေချင်နေကြပါတယ်။
ကျုံပျော်မြို့နယ်က ကျေးရွာတရွာမှာနေထိုင်တဲ့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား ၂ ဦးရဲ့ မိခင်ဖြစ်သူက “ ဒီနှစ်က စပါးကလည်း ရှုံးတယ်။ ခုထယ်ချဖို့တောင်မှ အနိုင်နိုင်ဆိုတော့ ကျောင်းကလည်း လွှတ်ရမှာပဲဆိုတော့ ကျောင်းကနေ တိုတိုထွာထွာ ကောက်ခံတာတွေကို လျော့ပေးစေချင်တာပဲ ” လို့ ဆိုပါတယ်။
လက်ရှိကာလမှာ စစ်ရေးပြင်းထန်နေတဲ့ ရေကြည်၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ အင်္ဂပူ စတဲ့မြို့တွေထဲက ကျေးရွာတွေမှာတော့ ကျောင်းဖွင့်နိုင်ဖို့က စိန်ခေါ်ချက်ဖြစ်သလို စစ်ရေးပူနေရတဲ့ ဘေးပတ်ဝန်းကျင် ရွာတွေနဲ့ မြို့တွေမှာကျောင်းထားရမယ်ဆိုတာကလည်း ကျောင်းသားမိဘတွေအတွက် စိန်ခေါ်ချက် ဖြစ်နေပါတယ်။
ရေကြည်မြို့ပေါ်မှာနေထိုင်တဲ့ ဆဌမတန်း တက်ရောက်မယ့် ကျောင်းသားရဲ့ မိခင်ဖြစ်သူကတော့ “ ကျွန်မကတော့ ကျောင်းထားဖို့ကိုပါ စဉ်းစားနေရတယ်။ အခြေအနေတွေက သိတဲ့အတိုင်းပဲ။ ကျောင်းကတော့ဖွင့်မယ်ပြောတယ် ” လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကျောင်းမတက်တဲ့ ကျောင်းသားတွေကို အိမ်တိုင်ရာရောက် ကျောင်းထားဖို့၊ ကျောင်းတက်ခိုင်းဖို့ အာဏာပိုင်တွေက လိုက်ပြောထားတာတွေ ရှိတာကြောင့် ကျောင်းဖွင့်တယ်ဆိုရင် တက်ချင်ချင် မတက်ချင်ချင် ကျောင်းအပ်ဖို့လိုအပ်တယ်လို့ ဒေးဒရဲမြို့က ကိုယ်တိုင်လည်း ကျောင်းသားမိဘဖြစ်သလို Non-CDM ကျောင်းဆရာမလည်းဖြစ်သူက DNA ကိုပြောပါတယ်။
“ကျွန်မက နှစ်ဘက်စလုံးမှာပါနေတော့ တဖက်ဖက်ကို ပြောဖို့ခက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျောင်းကလည်း တချို့ဟာတွေအတွက် မကောက်ခံရင် စာဆက်သင်လို့မရဘူး။ သူတို့ (စစ်ကောင်စီ) ပေးတာက ဘာမှရှိတာမဟုတ်ဘူး။ တချို့ဟာတွေကျတော့လည်း ဟိုပွဲ ဒီပွဲဆိုတာမျိုးတွေ ဆိုတော့ အားလုံးပေါင်းလိုက်ရင် ကျောင်းသားမိဘတွေလည်း တအားထိတယ် ” လို့ ရှင်းပြပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဧရာဝတီတိုင်း အစိုးရကတော့ ယခုမေလအတွင်းမှာ ကျောင်းအပ်နှံရေး စတင်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သူတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ စာသင်ဆောင်၊ စာသင်ခန်းများနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ ကျောင်းဆောင် မလုံလောက်ပါက ယာယီကျောင်းဆောင် ဆောက်လုပ်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းတွေ နဲ့ ကျောင်းဝတ်စုံတွေ မြို့နယ်အလိုက် ဖြန့်ဝေပြီးစီးမှုအခြေအနေတွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ ပါရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ကျောင်းသား ၈၀ ကျော်ကို အုပ်ထိန်းသင်ကြားနေရတဲ့ ဟင်္သာတမြို့က အတန်းပိုင် ဆရာမ တဦးက “ ခုံစီခဲ့တယ် ဆယ်ခုံကျိုးနေတယ်။ ပြင်ရမယ်။ တပတ်ကို ရေသန့်က ၂ ဘူးချပေးရမယ်။ ကလေးတွေကို စစ်ဆေးအကဲဖြတ်ဖို့စာရွက် A4 ကိုတွက်တာ တစ်နှစ်လုံး ၄ ထုပ်လောက်ကုန်မယ်။Whiteboard မှာရေးဖို့ဆော့ပင် နဲ့မင်အိုး တစ်နှစ်လုံးစာ ဆယ်ချောင်း ဆယ်အိုး ကလေးများပြီး ကျောင်းကမှောင်လို့ မိုးမှောင်ကျရင် စာသင်မရတာ ငါတို့ငယ်ငယ်ကထဲက။ ပန်ကာတွေအမြဲဖွင့်ပြီး မီးချောင်းတွေ ထွန်းပေးထားရတယ်။ မိုးတွင်းဆို ငါ့အတန်းဆို ညနေကျောင်းဆင်းရင်ခြင်ဆေးဖျန်းခဲ့တယ် ဆိုတော့ ခြင်ဆေးဘူး။ ဒါတွေဟာ အမှန်တကယ်လက်တွေ့လိုအပ်ချက်တွေ ဌာနကပေးတာက ဘယ်လိုမှ မလောက်ဘူး ” လို့ ရှင်းပြပါတယ်။
သူကတော့ ကျောင်းလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ကျောင်းသားတိုင်းစီကနေတော့ တောင်းခံလေ့မရှိဘဲ အဆင်ပြေတဲ့ ကျောင်းသားမိဘတွေကို စည်းရုံးပြီး အကူညီတောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒေးဒရဲက ဆရာမကတော့ “ ကျောင်းအတွက် သူတို့(စစ်ကောင်စီ)ပေးတာ ဘယ်လောက်လဲမသိရဘူး။ ကျောင်းအုပ်ကတဆင့်လာတာကိုး။ သေချာတာတော့ ကျွန်မတို့ဆီရောက်လာတာက ဘယ်လိုမှ မလောက်ငှဘူး ဆင့်ပါးစပ်နှမ်းပက်ပဲ။ ဒီတော့ တာဝန်က ကျောင်းသားမိဘတွေဆီရောက်ပေါ့ ” လို့ပြောပါတယ်။
ကျောင်းတာဝန်တွေပါ ထမ်းလာနေရတဲ့ ကျောင်းသားမိဘတွေရဲ့ အခြေအနေကလည်း ဈေးကဖျက်၊ မိုးကဖျက်နဲ့ ဒီနှစ်နွေမှာ စပါး၊ ပဲ၊ ကွမ်းနဲ့ ကုန်သည်အလုပ်တွေမှာပါ အရှုံးများခဲ့တာကြောင့် လှုပ်လှုပ်တောင် မလှုပ်နိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
ဇလွန်မြို့နယ်၊ ကော့ကပ်ကြီးကျေးရွာမှာနေထိုင်တဲ့ ကျောင်းသားမိဘတဦးရဲ့ ရင်တွင်းစကားသံကတော့ “ အခုက ငါတို့ငယ်ငယ်တုန်းက ခေတ်ကိုပြန်ရောက်သွားတာ မလား။ ငါကတော့ဟာ ငါတို့တုန်းကလိုမျိုးပဲ စေတနာပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေ အလှူငွေမပေးနိုင်လည်း မခွဲခြားတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်စေချင်တာပဲ။ မဟုတ်ရင် ငါ့ကလေးက အနှိမ်ခံရတော့မှာ ” တဲ့။