အချက်လက်ဆောင်းပါး
အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဝိဝါဒရှင်းတမ်း
၂၀၂၅ခုနှစ်၊ မေလ၊ ၁၄ ရက်။
(Fact Check) DNA/ The Red Flag
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က ကျေးလက်စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့မေလ၁၂ရက်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပေမယ့် စစ်ကောင်စီလော်ဘီချန်နယ် အချင်းချင်းကြားမှာတော့ လေကြောင်းတိုက်ခဲ့တယ်၊ မတိုက်ခဲ့ဘူးဆိုတဲ့ အကြောင်းအရာမျိုးစုံထွက်ပေါ်နေခဲ့တာပါ။
စစ်ကောင်စီလော်ဘီချန်နယ်တချို့မှာတော့ ကျောင်းသား၊ ကျောင်းသူတွေက လေယာဥ်ကြောင့်သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုပြောဆိုထားပြီး တချို့ချန်နယ်တွေကတော့ ဒေသကာကွယ်ရေးတပ်တွေရဲ့လက်လုပ်မိုင်းတွေ ပေါက်ကွဲခဲ့တာကြောင့်လို့ သေဆုံးခဲ့ရတာလို့ ဆိုထားကြပါတယ်။
လော်ဘီချန်နယ်တွေအချင်းချင်းကြားမှာ ဒီဖြစ်စဥ်ဟာ ဘယ်လိုကြောင့်ဖြစ်တယ်၊ ဘာကြောင့် ဗုံးကြဲချခဲ့တယ်ဆိုတာတွေကို ငြင်းခုံပြောဆိုနေခဲ့ပေမယ့် ၈နှစ်အရွယ်ကလေးကစလို့ အသက်၃၀ဝန်းကျင်အရွယ်ရှိ ဆရာမလေးတွေကအဆုံး ၂၄ယောက်အသက်ဆုံးရှုံးခဲ့ရပြီး အယောက် ၅၀ကျော်ကတော့ အမှန်တကယ်ကို အပြင်းအထန်ဒဏ်ရာရခဲ့တာပါ။
ဒီလိုအသက်ဆုံးရှုံးမှုနဲ့ ကိုယ်လက်အင်္ဂါထိခိုက်ပျက်ဆီးခဲ့တဲ့ဖြစ်စဥ်ကို သာမန်သရုပ်ပြမှုတခုသာဖြစ်တယ်လို့ စစ်လော်ဘီတွေနဲ့ စစ်တပ်ထောက်ခံသူတွေကအားရဝမ်းသာ သရော်နေကြပါသေးတယ်။
ကျမတို့အချက်လက်စစ်ဆေးသူတွေက ဒီရေးသားဖြန့်ဝေသူတွေရဲ့ သတင်းမှားတင်ဆက်နေတာတွေကို စစ်ဆေးအဖြေရှာတဲ့အချိန်မှာပဲ သူတို့သရော်လှောင်ပြောင်နေတဲ့အမှားတွေကြားကနေ ဟာကွက်တွေတွေ့လာရပါတယ်။
လေကြောင်းတိုက်ခိုက်မှုမရှိဘဲ လက်လုပ်Dropဗုံးပေါက်ကွဲမှုကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဆို
ဒါကတော့ စစ်ကောင်စီရဲ့လော်ဘီချန်နယ်အများစုမှာ “ဒီပဲယင်းက ပဒက်တွေရဲ့ လက်လုပ်ခဲယမ်းတွေ သိုလှောင်ထားတဲ့ စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်” (မူရင်းအတိုင်း)ခေါင်းစဥ် စာသားအပါအဝင် @user8407921313921ဆိုတဲ့ tiktok အကောင့်က ရုပ်သံတခုကိုပါ တွဲတင်ထားပြီး ဖြန့်ဝေနေကြတာပါ။
အဲ့ဒီရုပ်သံနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ အဲ့ဒီရုပ်သံပိုင်ရှင်က “ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း” ဘတ်တံဆိပ်ပါ ယူနီဖောင်းကိုဝတ်ဆင်ထားတာကိုတွေ့ရပြီး အဲ့ဒီရုပ်သံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ တင်ခဲ့တာဖြစ်သလို မကွေးတိုင်း၊ ဆောမြို့အဝင်ဆိုင်းဘုတ်နဲ့ တွဲရိုက်ခဲ့တဲ့ ဓါတ်ပုံကိုလည်း ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့က သူ့ရဲ့ Tiktok စာမျက်နှာမှာ မျှဝေခဲ့သေးတာပါ။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ People Mediaကလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့ကပဲ “မကွေးတိုင်း၊ဆောမြို့နယ်ရှိ စာသင်ကျောင်း အတွင်း၌ စစ်သွေးကြွများ လက်လုပ်ဒရော့ဗုံးပြုလုပ်နေမှု” (မူရင်းအတိုင်း)စာသားနဲ့ အဲ့ဒီရုပ်သံကို ဖြန့်ဝေခဲ့ပေမယ့်လည်း အိုးတိန်တွင်းရွာရဲ့ လေကြောင်းတိုက်ခိုက်မှုကိုငြင်းဆိုကာ လက်လုပ်မိုင်းပေါက်ကွဲတာဆိုတဲ့ အကြောင်းအရာကို ဝါဒဖြန့်နိုင်ဖို့အတွက် အဲ့ဒီရုပ်သံဟောင်းကို ခေါင်းစဥ်ပြောင်းပြီး ထပ်မံဖြန့်ဝေလာကြတာပါ။
(ဧပြီ ၂၉ရက်နေ့က People Mediaက စတင်ဖြန့်ဝေလာတဲ့ရုပ်သံ)
ဒါကြောင့် စစ်ကောင်စီဘက်က အပြင်းအထန်ကိုင်ဆွဲ ငြင်းဆိုနေတဲ့ အဲ့ဒီရုပ်သံဖိုင်နဲ့ အိုးတိန်တွင်းစာသင်ကျောင်းကြား စပ်ဆက်မှုရှိမနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီလက်ဝေခံ မီဒီယာ People Mediaရဲ့ ပင်တိုင် သတင်းထောက်တဦးဖြစ်တဲ့ ကျော်စိုးဦးကတော့ အိုးတိန်တွင်းရွာ စာသင်ကျောင်းလေယာဥ်ကြဲခံရတဲ့နေ့ ညနေ ၆နာရီဝန်းကျင်မှာပဲ Thazin Oo ချန်နယ်မှာတင်ခဲ့တဲ့ ဗွီဒီယိုရဲ့ ၁ မိနစ်နဲ့ ၂၅စက္ကန့်မှာ “အဲ့ဒီ ကျောင်းထဲမှာဝင်ပြီးတော့ စစ်သွေးကြွတွေက(မူရင်းရုပ်သံမှာပြောတဲ့အတိုင်း) ဗုံးသီးတွေထုတ်တယ်၊ မြို့ပေါ်မှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ဖို့အတွက် အဲ့ဒီမှာခြေကုတ်ယူတာ၊ အဲ့နေရာကိုရှင်းတာ၊ ရှင်းပလိုက်တာဗျာ ရှင်းရှင်းပြောရရင် ဘာကျောင်းသားမှ မရှိဘူး” လို့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို ဝန်ခံပြောဆိုခဲ့တာပါ။
အဲ့ဒီလိုဝန်ခံပြီး ည၈နာရီဝန်းကျင်မှာပဲ သူ့ရဲ့People Media ချန်နယ်ကနေ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တာမျိုးမရှိဘူးလို့လည်း ငြင်းဆိုလာပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုသာဖြစ်ကြောင်း စိစစ်တွေ့ရှိ
ဒါပေမယ့် မေလ ၁၂ရက်နေ့ မနက် ၈နာရီ ၄၈မိနစ်ကနေ ၉နာရီ ၁၅မိနစ်အတွင်းမှာ မိထ္ထီလာ၊ ရှမ်းတဲလေတပ်ကကနေ ဂျက်ဖိုက်တာ ၃စီး အနောက်မြောက်ကိုဦးတည်ပျံသန်းသွားခဲ့တာကို စစ်ကောင်စီရဲ့ လေယာဥ်ပျံသန်းမှုကို စောင့်ကြည့်နေတဲ့ Witness Enemy Air Scoutမှာဖော်ပြထားခဲ့တာပါ။
အဲ့ဒီဂျက်ဖိုက်တာ ၃စီးထဲက နှစ်စီးဟာ ၉နာရီ ၁၂မိနစ်မှာ ရှမ်းတဲလေတပ်ကိုပြန်လည်ဆင်းသက်ခဲ့ပေမယ့် ၉နာရီ ၁၅မိနစ်က ထွက်ခွာခဲ့တဲ့ ဂျက်ဖိုက်တာကတော့ ၉နာရီ ၃၄မိနစ်မှာ ဒီပဲယင်းနယ်ပေါ်ပျံသန်းခဲ့ပြီး ၉နာရီ ၄၀မိနစ်မှာ အိုးတိန်တွင်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ နာရီ ၁၃မိနစ်မှာ ရှမ်းတဲလေတပ်ကို ပြန်လည်ဆင်းသက်ခဲ့တာပါ။
ဒါပေမယ့်လည်း အိုးတိန်တွင်းရွာရဲ့ စာသင်ကျောင်းပေါ်ဗုံးပေါက်ကွဲကျရောက်ခဲ့ပေမယ့် အရင်တုန်းက စစ်ကောင်စီကြဲလေ့ရှိတဲ့ ဗုံးဒဏ်ရာလိုမျိုးကြီးမားတဲ့ ကျင်းတွေဖြစ်တာမျိုးနဲ့၊ ကျောင်းနံရံတွေပြိုကျပျက်ဆီးတာမျိုးမတွေ့ရတာကြောင့် စစ်ကောင်စီလော်ဘီတွေဘက်က လက်ညိုးထိုးစရာတခုတိုးလာခဲ့တာပါ။
DNA Fact Checkအဖွဲ့ အနေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒေသခံရွာသားတွေနဲ့ မှတ်တမ်းတင်သူတွေရဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ၊ ရုပ်ပုံတွေထဲမှာလည်း စာသင်ဆောင် အမိုးတွေပြိုကျပျက်ဆီးခဲ့ပြီး ကျင်းပေါက်ငယ်တွေနဲ့ ကျောင်းနံရံတွေက အပေါက်ငယ်တွေကိုသာတွေ့ရပါတယ်။
“စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာမှန်ပေမယ့် ဘာလို့တွင်းကြီးတွေဖြစ်မသွားတာလဲ၊ ဘာလို့ ကျင်းငယ်တွေနဲ့ နံရံမှာအပေါက်တွေက ဘာလို့ဖြစ်သွားခဲ့တာလဲ” ဒီအကြောင်းရာနဲ့ပတ်သက်ပြီး စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးကတော့ စစ်ကောင်စီအသုံးပြုခဲ့တဲ့ဗုံးက လေထဲမှာပေါက်ကွဲတဲ့ ဗုံးအမျိုးစားဖြစ်နိုင်တယ်လို့ BBCရဲ့ “ အိုးတိန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကို ဆန်းစစ်ခြင်း”ဆောင်းပါးမှာ ဖြေဆိုထားတာပါ။
အဲ့ဒီဗုံးတွေက အမြင့်ပေ ၃၀၊ ၄၀လောက်မှာ ပေါက်ကွဲတတ်တဲ့ဗုံးအမျိုးစားဖြစ်ပြီး မြေပြင်ပေါ်ကျမှကွဲတဲ့ဗုံးတွေလို ကျင်းအကြီးကြီးဖြစ်လာမှမဟုတ်ပါဘူး။
ဒါ့အပြင် ပေါက်ကွဲလာတဲ့အဲ့ဒီဗုံးရဲ့အစတွေက လူတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို ဖြတ်တောက်နိုင်စွမ်းရှိသလို နံရံတွေကိုပါ ထိုးဖောက်နိုင်စွမ်းရှိတာပါ။
အိုးတိန်တွင်းရွာရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ခြေလက်အင်္ဂါတွေပြတ်ထွက်၊ လွင့်ကုန်တာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းအပြတ်တွေကို ခန္ဓာကိုယ်နဲ့မှန်းပြီး သေဆုံးသူတွေရဲ့အတူ သင်္ဂြိုဟ်ရတာဖြစ်တယ်လို့ သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို အိုးတိန်တွင်းရွာရဲ့ဒေသခံတဦးက Myanmar Now မှာပြောပြထားပါတယ်။
ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးကတော့ Clusterလို့ခေါ်တဲ့ ဗုံးအမျိုးစားဖြစ်တယ်လို့ပြောဆိုထားပေမယ့် MFCN အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ကျောင်းဖွင့်ချိန်မဟုတ်လို့ စာသင်ခန်းမှာကျောင်းသားတွေမရှိနိုင်ဘူးဆိုတဲ့ သူတို့ရဲ့အယူအဆ
လေကြောင်းတိုက်ခိုက်မှုထင်ရှားလာတဲ့အခါမှာတော့ အိုးတိန်တွင်းရွာစာသင်ကျောင်းရဲ့ သွေးပျက်ဖွယ်မြင်ကွင်းတွေနဲ့ ကလေးသူငယ်တွေရဲ့ ရုပ်အလောင်းတွေ၊ ခြေလက်အပြတ်တွေနဲ့ ဦးခေါင်းအရေပြားပုံတွေ ဆက်တိုက်ဆိုသလို ဆိုရှယ်မီဒီယာအနှံ့မှာ ပျံ့နှံ့နေပေမယ့်လည်း လော်ဘီချန်နယ်တွေမှာတော့ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေသေဆုံးခဲ့ရတာမျိုးတောင် မရှိဘူးလို့ ငြင်းချက်တွေလည်း ဆက်တိုက်ရေးသားနေတာမျိုးရှိနေတာပါ။
ဒါ့အပြင် ဦးမင်းမင်းလတ်ဆိုသူရေးထားတဲ့ “အစိုးရ ကျောင်းမှန်သမျှ ဒီအချိန် ကျောင်းပိတ်ထားတယ်။ စစ်ပွဲ ဧရိယာတွေထဲမှာ အဖြူစိမ်းတွေ ဝတ်ခိုင်းပြီး ကျောင်းဖွင့်ထားတယ်ဆိုရင်လည်း စာတတ်စေချင်လို့ မဟုတ်ဖူး။ နိူင်ငံရေး ရည်ရွယ်ချက်နဲ့ တမင်ဗုံးကြဲခံရစေချင်လို့ ဖွင့်ထားတာ။” လို အသက်တွေကို ဈေးပေါသလို ပေါ်ပေါ်ထင်ထင်ရေးသားထားတဲ့ စာတွေကိုတောင် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်အသိုင်းဝိုင်းကြားမှာ ထောက်ခံမှုအားကောင်းနေတာပါ။
ဘာလို့ရာသီမဟုတ် ဒီပဲယင်းက စာသင်ကျောင်းတွေက ကျောင်းဖွင့်စာသင်နေရတာလဲနဲ့ပတ်သက်ပြီး NUGလက်အောက်မှာ စာသင်ကြားပေးနေတဲ့ CDM သမဂ္ဂကျောင်းသား ဆရာလေးကိုတင်စိုးက “ပုံမှန်အာဏာမသိမ်းခင်ကအခြေနေဆိုရင်စာသင်လ၉လနဲ့ ကျောင်းပိတ်လ ၃လလေအခုကကြ စစ်ကြောင်းလာလို့ပြေးရ လက်နက်ကြီးထုလို့ စာမသင်ရတာနဲ့ လေယာဥ်လာလို့ပြေးရတာနဲ့ တိုက်ပွဲအခြေနေကြောင့် စုံပါတယ်ဗျာ” လို့ MFCN ကို ပြောပါတယ်။
တိုက်ပွဲဇုံနဲ့ စစ်ကြောင်းထိုးလေ့ရှိတဲ့ရွာတွေနားမှာရှိတဲ့ ကျောင်းတွေအနေနဲ့ သာမန် မြို့ပေါ်ကျောင်းသူကျောင်းသားတွေလို့ နွေရာသီကျောင်းပိတ်ရက်မရှိသလို ရွာတွေကို စစ်ကြောင်းထိုးလာတဲ့အချိန်၊ တိုက်ပွဲဖြစ်တဲ့အချိန်တွေနဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့အချိန်မှာ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် စိတ်ဖြောင့်ဖြောင့်နဲ့စာသင်ကြားနိုင်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေရတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန၊ ပညာရေးမြို့နယ်ဘုတ်အဖွဲ့တွေကတော့ သင်ရိုးတွေနဲ့ စာသင်ကြားကာလတွေကို ရက်သက်မှတ်ပေးတာမျိုးရှိပေမယ့် စစ်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးဒဏ်တွေကြောင့် စာသင်ခန်းထဲဝင်ပြီး ပုံမှန်စာသင်ဖို့ အခက်ခဲတွေရှိနေကြတာဖြစ်တယ်လို့ ဆရာလေးကိုတင်စိုးကဆိုပါတယ်။
ဒါကြောင့် အသက်ရွယ်နဲ့ကိုက်ညီတဲ့ အတန်းကိုရောက်ဖို့အတွက် စစ်ကိုင်းတိုင်း စစ်ရေးနယ်မြေတွေမှာရှိနေတဲ့ ကလေးတွေဟာ စစ်ရေးငြိမ်တဲ့ ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ် နွေရာသီလိုအခါမျိုးမှာတောင် စာသင်ဖို့အတွက် စာသင်ခန်းကိုလာကြရတာပါ။
အဲဒီလို စစ်ပွဲတွေကြားထဲ စာသင်ခန်းကိုလာတဲ့ကျောင်းသား နှစ်ဒါဇင်ကျော်သေဆုံးခဲ့ရပေမယ့်လည်း စစ်ကောင်စီလော်ဘီချန်နယ်တွေမှာတော့ နောက်ထပ် နေရာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့အတွက် အားပေးအားမြောက်ပြုနေဆဲပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် အထိခိုက်နည်းအောင် ဘယ်လိုလုပ်မလဲ
“လေကြောင်းဟောပြောပွဲတွေ၊ ကတုတ်ကျင်းတူးနည်းတွေ သေချာကျကျနန၊ တာဝန်ရှိတဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ေမြပြင်တက်ကြွလှုပ်ရှားသူတွေ၊ ပသုံးလုံးယန္တရားထဲကလူတွေအကုန်လုံး ကတုတ်ကျင်းတူးပေးဖို့ကိစ္စတွေ စနစ်တကျနဲ့စီစဥ်ဆောင်ရွက်ဖို့လိုတယ်” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မချောစုဟန်က DNA Fact Checkကိုပြောပါတယ်။
ဗုံးခိုကျင်းကိုလည်း စနစ်တကျဖြစ်အောင်ဘယ်လို ဆောက်မလဲ၊ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းဆောက်လုပ်နည်း ကို DVB TV News က ရှင်းပြပေးထားတဲ့ ဒီဗွီဲဒီယိုမှာကြည့်ရှုနိုင်ပါတယ်။
သုံးသပ်ချက်
စစ်ကောင်စီ မီဒီယာနဲ့လော်ဘီချန်နယ်တွေက လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်လာတဲ့ စစ်ရေးပစ်မဟုတ်တဲ့ အရပ်သား၊ ကျောင်းသားကလေးငယ်တွေသေဆုံးမှုကိုဖုံးကွယ်နိုင်ဖို့အတွက် စစ်တပ်ပိုင်မီဒီယာတွေနဲ့ စစ်ကောင်စီအားပေးထောက်ခံသူတွေများတဲ့လော်ဘီချန်နယ်တွေမှာ စနစ်တကျ သတင်းမှားတွေထုတ်ပြီး ပုံဖျက်ဝါဒဖြန့်နေကြတာပါ။
ဒါအပြင် အာဏာသိမ်းပြီး ၄နှစ်ကျော်အတွင်း ယနေ့အထိ စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ စာသင်ကျောင်းပေါင်း (၃၃၃)ကျောင်းအထိရှိနေပြီလို့လည်း DVB Data အဖွဲ့ကထုတ်ပြန်ထားပါသေးတယ်။
စစ်ကိုင်းငလျင်နောက်ဆက်တွဲရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က မေလကုန်အထိ အပစ်ရပ်သက်တန်းတိုးကြောင်းထုတ်ပြန်ထားခဲ့ပေမယ့်လည်း စစ်ကိုင်းကို ဦးတည်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck