ဩစတြေးလျမှာ လေဘာပါတီ အစိုးရ ဒုတိယသက်တမ်းအဖြစ် ကျမ်းသစ္စာ ကျိန်ဆို

 

Labor Party ပါတီဟာ အောက်လွှတ်တော်အမတ် နေရာ ၁၅၀ ရှိတဲ့အနက် အနည်းဆုံး ၉၂ နေရာ အထိ ရရှိထားပြီဖြစ်ပါတယ်။

၁၃၊ မေ

မေလ ၃ရက်နေ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိပြီးနောက် သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနီစ်ဟာ ဒီကနေ့ မေလ ၁၃ ရက်မှာ သူ့ရဲ့ ဝန်ကြီးတွေနဲ့အတူ အစိုးရ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။

ဒါဟာ  ၁၉၀၁ ခုနှစ် ဩစတြေးလျဖက်ဒရေးရှင်း တည်ထောင်ပြီးနောက်ပိုင်း အကြီးမားဆုံး ဗဟိုလက်ဝဲ လေဘာအစိုးရတစ်ရပ်ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြိုင်ဘက်ပါတီ ကွန်ဆာဗေးတစ် Liberal Party က ပီတာဒတ်တန်ကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် Sussan Ley  ကို တင်မြှောက်ခဲ့ပါတယ်။ Sussan Ley ဟာ လစ်ဘရယ်ပါတီရဲ့ ပထမဆုံးအမျိုးသမီးခေါင်းဆောင်ဖြစ်လာပါတယ်။

Liberal Party ပါတီဟာ နောက်ဆုံးရွေးကောက်ပွဲရလဒ်တွေအရ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ ရာသီဥတုပြောင်းလဲမှုနဲ့ ကျားမ တန်းတူညီမျှရေး လှုပ်ရှားတဲ့ တသီးပုဂ္ဂလ အမျိုးသမီးကိုယ်စားလှယ်တွေကို ရှုံးနိမ့်ခဲ့ရတာပြီးနောက် အခုလို အပြောင်းအလဲဖြစ်လာတာပါ။

လက်ရှိမှာတော့ ဩစတြေးလျ ရွေးကောက်ပွဲ ကောင်မရှင်အနေနဲ့ မဲရေတွက်တာ မပြီးဆုံးသေးပါဘူး။ ဒါပေမဲ့ Labor Party ပါတီဟာ အောက်လွှတ်တော်အမတ် နေရာ ၁၅၀ ရှိတဲ့အနက် အနည်းဆုံး ၉၂ နေရာ အထိ ရရှိထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယအစိုးရ သက်တမ်းအတွက် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့တွေကို ဩစတြေးလျရဲ့ ကန်ဘာရာမြို့ အစိုးရအိမ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနဲ့ ကုန်သွယ်မှု စတဲ့ အဓိက အခန်းကဏ္ဍတွေကတော့ ပြောင်းလဲမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

အန်တိုနီ အယ်လ်ဘနီစ်ဟာ မေလ ၁၄ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မေလ ၁၈ရက်နေ့မှာတော့ ရောမမြို့ကိုသွားပြီး ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်သွားမယ်လို့ သိရပါတယ်။

အဲဒီနောက် ကုန်သွယ်ရေးဆိုင်ရာကိစ္စ ဆွေးနွေးဖို့အတွက် အီးယူဥက္ကဋ္ဌ Ursula von der Leyen အပါအဝင် တခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ သူက အသိပေးထားပါတယ်။

Ref – Reuters